နေပြည်တော် မေ ၁၄
မိမိတို့၏ နေ့စဉ်လူမှုဘဝနေထိုင်ဖြတ်သန်းရာတွင် ကျန်းမာရွှင်လန်းသော လူမှုပတ်ဝန်းကျင်ကို ပိုင်ဆိုင်နိုင်ရေးအတွက် ကိုယ်စိတ်နှလုံးချမ်းမြေ့ဖွယ်ရာ မျက်စိပသာဒဖြစ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် ပတ်ဝန်းကျင်တစ်ခုရှိရန် အလွန်လိုအပ်အရေးကြီးလှသည်။ မိမိတို့ တစ်ဦးချင်းနေထိုင်ကြသည့် ပတ်ဝန်းကျင် သန့်ရှင်း သပ်ရပ်နေမှသာလျှင် သန့်ရှင်းသာယာလှပသောမြို့၊ ရွာ Clean city ၊ Clean Village များ ဖြစ်လာမည်ဖြစ်ပြီး ကျန်းမာရေးနှင့်ညီညွတ်မျှတမည်ဖြစ်သည့်အတွက် မိမိဒေသ၊ မိမိမြို့ရွာ သန့်ရှင်းသာယာရေးကို ဒေသခံများ၊ ဒေသတွင် တာဝန်ထမ်းဆောင်နေကြသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် စည်ပင်သာယာရေး တာဝန်ရှိသူများက မဖြစ်မနေ ဆောင်ရွက်ကြရမည်ဖြစ်သည်။
ယခုအချိန်အခါတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှုနှင့်အတူ နိုင်ငံတစ်ဝန်းလုံး၌ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများအားလုံးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်လျက်ရှိကြပြီး အပတ်စဉ် စနေနေ့တိုင်းတွင်လည်း မိမိတို့၏ မြို့၊ ရွာ ဒေသများ သန့်ရှင်းသာယာလှပရေးကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်အပါအဝင် မြို့နယ်လေးမြို့နယ်၌ လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ကျိုင်းတောင်း မြို့နယ်အပါအဝင် မြို့နယ်ကိုးမြို့နယ်၌လည်းကောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်အပါအဝင် မြို့နယ်ခုနစ်မြို့နယ်၌လည်းကောင်း၊ မွန်ပြည်နယ်ချောင်းဆုံမြို့အပါအဝင် မြို့နယ်သုံးမြို့နယ်နှင့် ကရင်ပြည်နယ် လှိုင်းဘွဲမြို့၌လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့အပါအဝင် မြို့နယ် ၁၀ မြို့နယ် ၌လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင်ရှိ မြို့နယ် ၁၄ မြို့နယ်၊ အနောက်ပိုင်းခရိုင်ရှိ မြို့နယ် ၁၂ မြို့နယ်၊ တောင်ပိုင်းခရိုင်ရှိ မြို့နယ် ၁၀ မြို့နယ်၊ မြောက်ပိုင်းခရိုင်ရှိမြို့နယ် ကိုးမြို့နယ်၌ လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၃ မြို့နယ်၌လည်းကောင်း၊ ရခိုင်ပြည်နယ် စစ်တွေမြို့အပါအဝင် မြို့နယ် ခုနစ်မြို့နယ်၌ လည်းကောင်း(အပေါ်ပုံ)၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နှင့် ခန္တီးမြို့၊ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နှင့် ချင်းပြည်နယ် ဟားခါးမြို့တို့၌လည်းကောင်း၊ ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ၂၈ မြို့နယ်နှင့် ကရင်ပြည်နယ် သံတောင်ကြီးမြို့၌ လည်းကောင်း ဌာနဆိုင်ရာအဆောက်အအုံများ၊ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များ၊ ဆေးရုံများ၊ ဈေးများ၊ ပန်းခြံများနှင့် လမ်း၊ တံတား များ၌ ဒေသခံပြည်သူများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်းနှင့် ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ပေးခြင်းတို့ကို ဆောင်ရွက်ပေးကြသည်။
ယင်းသို့ဆောင်ရွက်ပေးနေမှု များကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များမှဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်အသီး သီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်