Skip to main content

ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းသူများ၊ ဆွမ်းဆန်စိမ်းလောင်းလှူ ကုသိုလ်ပြုသူများဖြင့် မန္တလေးမြို့အနှံ့ အထူးစည်ကား

မန္တလေး မေ ၁၄

ကဆုန်လပြည့် (ဗုဒ္ဓနေ့)သည် ထေရဝါဒဗုဒ္ဓဘာသာဝင်များအတွက် မင်္ဂလာရှိသော နေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ မန္တလေးမြို့ရှိ တန်ခိုးကြီးဘုရားများ ပုထိုးစေတီတော်များ၌ ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော်ပွဲများနှင့် ပရိဘောဂစေတီထိုက်သော ဗောဓိညောင်ပင်တို့အား ညောင်ရေသွန်းလောင်း ပူဇော်ပွဲများကျင်းပခြင်း၊ ကုသိုလ်ရှင်များက ဆရာတော် သံဃာတော်များအား ဆွမ်းနှင့်ဆွမ်းဟင်းများ လောင်းလှူခြင်း၊ စတုဒိသာကျွေးမွေးလှူဒါန်းခြင်းစသည့် ကုသိုလ်ပြုသူများဖြင့် စည်ကားလျက်ရှိသည်။

ယနေ့နံနက် ၄ နာရီတွင် မဟာမုနိရုပ်ရှင်တော်မြတ်အား ရေတော်ဆရာတော်အမှူးပြု၍ ဘုရားကြီးမျက်နှာ သစ်တော်ဝတ်အဖွဲ့က မျက်နှာသစ်တော်မူပြီး ဂေါပကအဖွဲ့ဝင်များ၊ ဓမ္မစင်္ကြာဝတ်အသင်းများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာသူများက ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း၊ ဆွမ်း၊ ရေချမ်း၊ ပန်းကပ်လှူပူဇော်ခြင်း၊ ခုနှစ်နေ့နံဘုရားများတွင် ရေသပ္ပါယ်ခြင်းနှင့် ဥပုသ်သီလဆောက်တည်ကြခြင်းများအပြင် မဟာမုနိပရိဝုဏ်အတွင်း အင်္ဂါထောင့်ရှိ ဗောဓိညောင်ပင်အား ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်သူများဖြင့် စည်ကားလျက်ရှိသည်။

ထို့ပြင် မန္တလေးမြို့တွင်းရှိ  ရွှေကျီးမြင်ဘုရား၊ ဘုရားနီဘုရား၊ ချမ်းသာကြီးဘုရား၊ ချမ်းသာရဘုရားကျောက်တော်ကြီး၊ ကုသိုလ်တော်၊ သကျသီဟဘုရား၊ ကျောက်စိမ်းစေတီတော်နှင့် အောင်တော်မူမြတ်စွာဘုရားတို့တွင်လည်း ဘုရားဖူးလာသူများ၊ ညောင်ရေသွန်းလောင်းသူများဖြင့် အထူးစည်ကားလျက်ရှိပြီး အလှူရှင်များက စတုဒိသာ ကြာဆံဟင်း ရေသန့် အချိုရည်များ လှူဒါန်းတိုက်ကျွေးကြသည်။

ထို့အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်၍ ဌာနဆိုင်ရာများနှင့်အတူ အလှူရှင်များက သာသနာတော်နှစ် ၂၅၆၅ နှစ် ပြည့်ပြီး ၂၅၆၆ နှစ်သို့ ရောက်ရှိမှု အထိမ်းအမှတ်နှင့် နိုင်ငံသူ၊ နိုင်ငံသားများ ဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ နံနက် (၆)နာရီအချိန်တွင် မန္တလေးမြို့လေးပြင်လေးရပ်ရှိ ကျုံးတစ်ဖက်စီ၌ ဆရာတော်၊ သံဃာတော် ၂၅၆၆ ပါးစီဖြင့် စုစုပေါင်း ဆရာတော်၊ သံဃာတော် (၁၀၂၆၄)ပါးတို့က အန္တရာယ်ကင်း ပရိတ်တရားတော်များကို တစ်ချိန်တည်းတစ်ပြိုင်တည်း ရွတ်ဖတ်ပူဇော်ကြပြီး မန္တလေးမြို့ လေးပြင်လေးရပ်ရှိ ဆရာတော်၊ သံဃာတော် (၁၀၂၆၄) ပါးတို့အား မန္တလေးနန်းမြို့ရိုး ကျုံးပတ်လည် လေးပြင်လေးရပ်လမ်းမကြီးများ၌ အလှူရှင်များမှ ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေများကို တစ်ပြိုင်တည်းလောင်းလှူကြသည့် ပုံရိပ်များသည်လည်း နေ့ထူးနေ့မြတ် ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် ကြည်ညိုဖွယ်ရာ မြင်ကွင်းအဖြစ် တွေ့မြင်ကြရသည်။

အလားတူ မဟာအောင်မြေမြို့နယ် ဗောဓိကုန်းရပ်တွင်တည်ရှိသော မင်းတုန်းမင်းတရားကြီး စိုက်ပျိုးလှူဒါန်းခဲ့သည့် ဗောဓိညောင်ပင်နှင့် မန္တလေးတောင်ခြေရှိ မဟာဗောဓိ ညောင်ပင်တို့တွင်လည်း   ညောင်ရေသွန်းလောင်းပူဇော်ကြသူများ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိသည့်အပြင်မြို့နယ်ရပ်ကွက်များရှိ ဘုရားများတွင် စိုက်ပျိုးထားရှိသည်။

ဗောဓိညောင်ပင်များ၌လည်း ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ကာ ကုသိုလ်ကောင်းမှုပြုလုပ်သူများဖြင့် မန္တလေးမြို့လုံးအနှံ့ အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)