နေပြည်တော် မေ ၁၃
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက် ပညာသင်ကြားကြမည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးနှင့် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်တို့မှ ဝန်ထမ်းမိသားစုများ၏သားသမီး ကျောင်းသား ကျောင်းသူများ ပညာသင်ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဒေါ်နုမြဇံက ပညာသင်ထောက်ပံ့ငွေပေးရမည့် ကျောင်းသား ကျောင်းသူအရေအတွက်မှာ မူလတန်း၊ အလယ်တန်း၊ အထက် တန်းအဆင့် တက်ရောက်ပညာသင်ကြားမည့် ကျောင်းသား ကျောင်းသူ ၄၃၇ ဦးနှင့် တက္ကသိုလ်အဆင့် တက်ရောက်ပညာ သင်ကြားမည့် ကျောင်းသား ကျောင်းသူ ၅၁ ဦး၊ စုစုပေါင်း ၄၈၈ ဦးရှိပြီး ၄၈ သိန်းကျော် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ထောက်ပံ့ရခြင်းရည်ရွယ်ချက်မှာ ဝန်ထမ်းများနှင့် ၎င်းတို့၏သားသမီး ကျောင်းသား ကျောင်းသူများအတွက် တစ်စိတ်တစ်ပိုင်း အကူအညီဖြစ်စေရန်ဖြစ်ပြီး နောင်ပညာသင်နှစ်များတွင် ယခုထက်ပိုမိုထောက်ပံ့နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့သားသမီးများကို ပညာကြိုးစားသင်ယူဆည်းပူးအောင် တိုက်တွန်းပေးကြစေလိုကြောင်း၊ ပညာတတ်မြောက်မှသာ နောင်တစ်ချိန်နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံ့တာဝန်များကို ကျရာကဏ္ဍမှ ကျေပွန်စွာ ပါဝင်ထမ်းဆောင်နိုင်ကြမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ဒေါ်နုမြဇံနှင့် ညွှန်ကြားရေးမှူးချုပ် ဦးရဲရင့်လွင်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်ဦးစိုင်းကျော်သူတို့က ပညာသင်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ရာ ကော်မရှင်ရုံး၊ တိုင်းဒေသကြီး/ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေကော်မရှင် အဖွဲ့ခွဲရုံးများမှ တာဝန်ရှိသူများက လက်ခံရယူကြသည်။
ထို့နောက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဒေါ်နုမြဇံက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်