Skip to main content

ကဆုန်လပြည့် ဗုဒ္ဓနေ့နှင့် ဗောဓိရေသွန်းသည့်ကုသိုလ်

 

ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူတို့အဖို့ ကဆုန်လပြည့်နေ့သည် ထူးခြားချက်လေးခုတို့နှင့် ပြည့်စုံသော နေ့ထူးနေ့မြတ်ဖြစ်သည်။ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းအစ ကဆုန်လပြည့်နေ့တွင် ဗျာဒိတ်ခံယူခြင်း၊ မဟာသက္ကရာဇ် ၆၈ ခု ကဆုန်လပြည့်နေ့တွင် ဘုရားလောင်းဖွားမြင်တော်မူခြင်း၊ မဟာသက္ကရာဇ် ၁၀၃ ခု ကဆုန်လပြည့်နေ့တွင် ဘုရားအဖြစ်သို့ ရောက်တော်မူခြင်း၊ မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့်နေ့တွင် ပရိနိဗ္ဗာန်စံတော် မူခြင်းဟူသော အချက်လေးချက်ကို အကြောင်းပြု၍ ကဆုန်လပြည့်ကို ဗုဒ္ဓနေ့အဖြစ် ရိုသေလေးမြတ်စွာ သတ်မှတ်ထားကြခြင်း ဖြစ်သည်။

ထို့အပြင် ကဆုန်လပြည့်နေ့တွင် မာရ်ငါးပါးကို အောင်မြင်တော်မူခြင်းကြောင့် ဤနေ့ရက်သည် မာရ်အောင်မြင်နေ့လည်း ဖြစ်သည်။ ဗုဒ္ဓအလောင်းအလျာကို ဖွားမြင်စဉ်အခါတွင် လည်းကောင်း၊ ဗုဒ္ဓမြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူသည့်အခါတွင် လည်းကောင်း ဝိသာခါနက္ခတ်နှင့် ယှဉ်သည်ကို အကြောင်းပြု၍ ကဆုန်လပြည့်နေ့ကို ဝိသာခါနေ့ (Vesak Day) ဟူ၍လည်း ခေါ်ဆိုပြီး ၁၉၉၉ ခုနှစ်မှစ၍ အပြည်ပြည်ဆိုင်ရာရုံးပိတ်ရက် Vesak Universal Holiday အဖြစ် ကုလသမဂ္ဂက သတ်မှတ် ပေးခဲ့သည်။

ဂေါတမမြတ်စွာဘုရားရှင်သည် သဗ္ဗညုတဉာဏ်တော်ကို ရရန်အတွက် ဗောဓိပင်ကို အမှီပြု၍ တရားအားထုတ်တော်မူခဲ့ရ ခြင်းဖြစ်သည်။ ဗောဓိဟူသည် အရိယာမဂ်ဟူ၍ လည်းကောင်း၊ သဗ္ဗညုတဉာဏ်ဟူ၍လည်းကောင်း အနက်အဓိပ္ပာယ်ဖွင့်ဆိုနိုင်ရာ ဗောဓိပင်ဟူသည် သဗ္ဗညုတဉာဏ်တော်ရရန် တရား အားထုတ်ရာ၌ အမှီပြုခဲ့ရသောသစ်ပင်ကို ဆိုလိုခြင်းဖြစ်သည်။ သို့ဖြစ်၍ ဂေါတမဗုဒ္ဓပွင့်တော်မူရာ ညောင်ဗုဒ္ဓဟေပင်များသည် ဗောဓိပင်များပင်ဖြစ်သည်။ ပူဇော်သင့် ပူဇော်ထိုက်သော အရာများသည် စေတီများဖြစ်ပြီး ဓာတုစေတီ၊ ပရိဘောဂစေတီ၊ ဥဒ္ဒိဿ စေတီဟူ၍ ရှိသည့်အနက် ဗောဓိပင်များသည် ပရိဘောဂစေတီ များဖြစ်သည်။ ဗုဒ္ဓပွင့်တော်မူရာ ဗောဓိပင်များကို ရေသွန်းလောင်း ခြင်းအားဖြင့် ဘုရားရှင်အား အာရုံပြုကြည်ညိုကာ ကုသိုလ် စိတ်များ ဖြစ်ပေါ်နိုင်ပြီး ပူပြင်းခြောက်သွေ့သည့်ရာသီကြောင့် ညှိုးရော်လုဆဲဖြစ်နေသည့် ဗောဓိပင်ကိုလည်း စိုပြည်လန်းဆန်း စေသည်။

ဤဘဒ္ဒကမ္ဘာမှ ၉၁ ကမ္ဘာအထက် ဝိပဿီဘုရားရှင်လက်ထက်တွင် ရဟန်းတစ်ပါးသည် ဗောဓိပင်(သခွပ်ပင်)ကို ရေသွန်းလောင်း ပူဇော်ပွဲသို့ရောက်ရှိခဲ့ပြီး ပန်းတို့ဖြင့် ထုံမွမ်းထားသော ရေကိုယူကာ “ကိုယ်တော်တိုင် ဝဋ်ဆင်းရဲမှ လွတ်မြောက်ပြီးသည်ဖြစ်၍ ငါတို့ကို လွတ်မြောက်စေလတ္တံ့၊ ကိုယ်တော်တိုင် ဒုက္ခငြိမ်းအေးပြီးသည်ဖြစ်၍ ငါတို့ကိုငြိမ်းအေးစေလတ္တံ့”ဟု နှလုံးသွင်းလျက် သွန်းလောင်းပူဇော်သည်။ ဗောဓိပင်၌ ရေသွန်းပူဇော်ခဲ့ချိန်မှစ၍ ၉၁ ကမ္ဘာ ကာလပတ်လုံး အပါယ်လေးပါးလားရခြင်းဟူ၍မရှိ။ ၃၃ ကမ္ဘာထက်သို့ ရောက်သည့်အခါ  လူအပေါင်းတို့ကို အစိုးရသည့် စကြာဝတေးမင်း ရှစ်ကြိမ်ဖြစ်သည်။ ထို့နောက် လေးပါးသော ပဋိသမ္ဘိဒါ၊ ရှစ်ပါးသော ဝိမောက္ခ၊ ခြောက်ပါးသော အဘိညာဉ် တို့ကိုမျက်မှောက်ပြုအပ်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတို့ကို လိုက်နာကျင့်သုံးပြီးပြီဟူ၍ အသျှင်ဗောဓိသိဉ္စကမထေရ်က ဂါထာကို မိန့်ဆိုကြောင်း ခုဒ္ဒကပါဠိတော်၊ ဗောဓိသိဉ္စကတ္ထေရအပါဒါန်တွင် ပါရှိသည်။

ကဆုန်လပြည့်ဗုဒ္ဓနေ့တွင် ဗောဓိညောင်ပင်၌ ညောင်ရေသွန်းလောင်း ကုသိုလ်ပြုကြသည့်အခါ ဗောဓိသိဉ္စကမထေရ် ဟောတော်မူခဲ့သည့် အစဉ်အလာထုံးကို နှလုံးမူလျက် သဗ္ဗညုတ ဉာဏ်တော်အရှင် ဗုဒ္ဓမြတ်စွာဘုရားကို နှလုံးသွင်းကာ ညောင်ရေသွန်းပူ‌ဇော်ကြခြင်းဖြင့် ကုသိုလ်အကျိုးထူးတို့ သံသရာတစ်လျှောက် ခံစားရရှိနိုင်ကြပါစေကြောင်း။