ပြင်ဦးလွင် မေ ၁၃
ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) တက္ကသိုလ်/ ကောလိပ် ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၂၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် ရတနာခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဆွေ၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်သူရဦးဘိုနီ၊ ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) ပါမောက္ခချုပ် ဦးကျော်စိုး၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက ယခုသင်တန်းကို ဆရာ၊ ဆရာမများ၏ စိတ်ဓာတ်၊ စည်းကမ်း ပိုမိုကောင်းမွန်လာစေရန်၊ အဆင့်မြင့်ပညာရေးနှင့် စပ်လျဉ်းသော ဗဟုသုတများ၊ နိုင်ငံ့ဝန်ထမ်းနှင့်သက်ဆိုင်သော ဗဟုသုတနှင့်အတွေ့အကြုံများ တိုးပွားလာစေရန်၊ ချစ်ကြည်ရင်းနှီးမှုနှင့် စည်းလုံးညီညွတ်မှု ပိုမိုရရှိစေရန်၊ ယုံကြည်ချက်၊ ခံယူချက်၊ စိတ်နေစိတ်ထားများ ပိုမိုကောင်းမွန်လာစေရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် အခြေခံစစ်ပညာကို နားလည်သဘောပေါက်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း။
နိုင်ငံတော် တည်ဆောက်ရာတွင် နိုင်ငံသားများ၏ ပညာရည်မြင့်မားရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးသည် အရေးကြီးသည့်အတွက် အနာဂတ်မျိုးဆက်သစ်များကို ပုံသွင်းပေးရသည့် တက္ကသိုလ်/ကောလိပ် ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍသည် လွန်စွာအရေးပါကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော အနာဂတ်နိုင်ငံတော်ကို တာဝန်ယူတည် ဆောက်ကြမည့် အရည်အသွေးပြည့်ဝသည့် ကျောင်းသားလူငယ်များ မွေးထုတ်နိုင်ရန် မိမိကိုယ်တိုင်က အရည်အသွေးရှိရန်နှင့် အရည်အသွေးပြည့်ဝရန် လိုအပ်ကြောင်း၊ ပြောင်းလဲ လာသည့် ခေတ်စနစ်နှင့်ကိုက်ညီသော ပညာရပ်နှင့်ဗဟုသုတများကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးနေရန်လိုအပ်ကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းသို့ သင်တန်းသား (၅၇) ဦး၊ သင်တန်းသူ (၂၀၄) ဦး စုစုပေါင်း (၂၆၁) ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ မေ ၁၂ ရက်မှ ဇွန် ၁၀ ရက်အထိ ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။
ထို့နောက် အရာထမ်းလောင်းအခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်း စီမံခန့်ခွဲမှု ဘွဲ့လွန် ဒီပလိုမာ သင်တန်းအမှတ်စဉ် (၉) သင်တန်းသား၊ သင်တန်းသူများ၏ စစ်ရေးပြဘာသာရပ် လက်တွေ့ လေ့ကျင့်နေမှုကို ကြည့်ရှုစစ်ဆေးပြီး အခြေခံစစ်ပညာသင်ယူရခြင်း၏ တန်ဖိုးများဖြစ်သော ပူးပေါင်းဆောင်ရွက်တတ်မှု၊ ညှိနှိုင်းဖြေရှင်းတတ်မှု၊ ညီညွတ်မှု၊ အဆင့်ဆင့် ကွပ်ကဲဆောင်ရွက်တတ်မှု စသည့်အနှစ်သာရ သဘောထားခံယူချက် ရရှိစေရေးသင်ကြား ပို့ချပေးရန် မှာကြားသည်။
ဆက်လက်ပြီး ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌနှင့် ဧည့်သည်တော်များသည် တက္ကသိုလ်တွင် သင်တန်းတက်ရောက်သည့် သင်တန်းသား၊ သင်တန်းသူများ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များအတွက် စိုက်ပျိုးထားသည့် နှစ်ရှည်ပင်၊ စျေးကွက်ဝင် နှစ်လတ်ပင်နှင့် ရာသီသီးနှံများ စိုက်ပျိုးထားရှိမှု အခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
သတင်းစဉ်