နေပြည်တော် မေ ၁၀
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဒုတိယ ဝန်ကြီးဒေါက်တာအောင်ကြီးသည် ပျဉ်းမနားစိုက်ပျိုးရေးသိပ္ပံကျောင်း၏ စာသင်နှစ်အလိုက် သင်တန်းများ ပြန်လည်ဖွင့်လှစ်ရေး အကြိုလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပျဉ်းမနားစိုက်ပျိုးရေးသိပ္ပံကျောင်း၏ စာသင်ဆောင်များ၊ လက်တွေ့ခန်းများ၊ ဓာတ်ခွဲခန်းနှင့်စာကြည့်တိုက်များ၊ ကျောင်းသူ၊ ကျောင်းသားအဆောင်များ၊ စားရိပ်သာနှင့်စားဖိုဆောင်များ၊ ကျန်းမာရေးနှင့် လုံခြုံရေးဆိုင်ရာ အစီအမံများကို လှည့်လည်ကြည့်ရှုစစ်ဆေးကြရာ ကျောင်းအုပ်ကြီးနှင့် တာဝန်ကျ ဆရာ၊ ဆရာမများက ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးကလက်ခံ သင်ကြားပေးနိုင်သည့်ပမာဏ အပြည့်အဝလက်ခံသင်ကြားပေးနိုင်ရေး၊ သတ်မှတ်ထားသည့် စာသင်ကာလအတွင်းသင်ကြား ရေးလုပ်ငန်းများထိရောက်စွာ သင်ကြားလေ့ကျင့်ပေးရေး၊ နည်းပညာရပ်ဆိုင်ရာ ပြဋ္ဌာန်းသင်ခန်းစာများအပြင် တွေးခေါ်မြော်မြင်နိုင်စွမ်းနှင့် ဆင်ခြင်သုံးသပ်နိုင်စွမ်းမြင့်မားရေး၊ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအပေါ် တန်ဖိုးထားတတ်စေရေးနှင့် အများအကျိုး မျှော်ကိုးရွက်ဆောင်တတ်သူများဖြစ်စေရေး ထည့်သွင်းသွန်သင်ဆွေးနွေးပေးရန်လိုအပ်ချက်များကို ဆရာ၊ ဆရာမများအား ဆွေးနွေးမှာကြားသည်။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပိတ်ထားခဲ့ရသည့် တစ်နိုင်ငံလုံးရှိ တက္ကသိုလ်များ၊ သင်တန်း ကျောင်းများကို မေ ၁၂ ရက်တွင် ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ စိုက်ပျိုးရေးသိပ္ပံကျောင်းများကိုလည်း သက်ဆိုင်ရာ စာသင်နှစ်များအလိုက် သင်တန်းများဖွင့်လှစ်သင်ကြားပေးနိုင်ရေး၊ သင်တန်းသူ၊ သင်တန်းသားများနေရေး၊ စားရေးနှင့် ပညာသင်ယူရေးဆိုင်ရာများကို ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဘေးကင်းလုံခြုံစွာ ဆောင်ရွက်နိုင်ကြစေရေးအတွက် တာဝန်ရှိသူများက စနစ်တကျ စီမံဆောင်ရွက်ထား ပြီးဖြစ်ကြောင်း သိရသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ် သစ်စိမ်းမြေဩဇာ၊ ပိုက်ဆံလျှော် ဧက ၁၀၀ ကွင်းပိတ်စိုက်ပျိုးပွဲသို့ တက်ရောက်ပြီး ဒေသခံတောင်သူများနှင့်အတူ ပိုက်ဆံလျှော် မျိုးစေ့များ ကြဲပက်စိုက်ပျိုးပေးသည်။
သစ်စိမ်းမြေဩဇာအဖြစ် အသုံးပြုမည့် ပိုက်ဆံလျှော်မျိုးစေ့ ကြဲပက်စိုက်ပျိုးပွဲ၌ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသနေတောင်သူများနှင့်တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ဆီထွက်သီးနှံ နေကြာတိုးချဲ့စိုက်ပျိုးရေး၊ အခြေအနေပေးသည့် စိုက်ခင်းများတွင် သီးညှပ်သီးရော စိုက်ပျိုးရေး၊ စိုက်ပျိုးရေသေချာသည့် ဧရိယာများတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် တောင်သူများပူးပေါင်း၍ နေကြာမျိုးစေ့ထုတ်စိုက်ခင်းများ ထူထောင်ဆောင်ရွက်ရေး၊ ဈေးကွက်အလားအလာနှင့် ရာသီဥတုအခြေအနေကိုသုံးသပ်ပြီး တောင်သူအကျိုးအမြတ်များစေမည့် သီးနှံပုံစံ ရွေးချယ်ဆောင်ရွက်ပေးရန် လိုအပ်ချက်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်