နေပြည်တော် ဧပြီ ၂၉
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဧပြီ ၂၇ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက် ရေးအထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မကွေးမြို့နယ် အတွင်း ရွှေကျင်ရာတွင် အသုံးပြုသည့် တရားမဝင်ကျောက်စုပ် မော်တော်ယာဉ် ၁၁ စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၆၅,၀၀၀,၀၀၀) ကိုပြည်တွင်းရေကြောင်းသွား ရေယာဉ်ဥပဒေအရ လည်းကောင်း၊ သံခွန်စက်လှေ လေးစင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၄၀,၀၀၀,၀၀၀) နှင့်ကုန်တင်စက်လှေတစ်စင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၅၀၀,၀၀၀)ကိုရေအရင်းအမြစ်နှင့် မြစ်ချောင်းများဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ်၄၀၆,၅၀၀,၀၀၀) ကိုဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
အလားတူ ဧပြီ ၂၈ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ အကောက် ခွန်အဖွဲ့များကစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာမြန်မာစက်မှု ဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေး စခန်း၌ သွင်းကုန်ကြေညာလွှာ (ID)တွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသော အဝတ်အထည်များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၇၀၀,၀၀၀)ကို လည်းကောင်း၊ အေးရှားဝေါလ် ဆိပ်ကမ်း ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ သွင်းကုန်ကြေညာလွှာ(ID) နှင့် ကိုက်ညီမှုမရှိသောကြွေထည် ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၈,၇၁၁,၀၀၀)ကို လည်းကောင်း၊ MIPL ဆိပ်ကမ်း၌ သွင်းကုန်ကြေညာလွှာ (ID) ဖွင့်လှစ်ပြီး တစ်နှစ်ကျော် လွန်သည်အထိ လာရောက်ထုတ်ယူ ခြင်းမရှိသောမော်တော်ယာဉ် ၂၇ စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၆,၅၀၀,၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၂၀,၉၁၁,၀၀၀) ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့ပြီးအကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ မန္တလေးမြို့သို့ ထွက်ခွာလာသောကုန်တင်ယာဉ် တစ်စီးပေါ်တွင်တရားမဝင်သယ် ဆောင်လာသော Lipovitan-D တံဆိပ်အချိုရည်များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဧပြီ ၂၉ ရက်တွင် ပဲခူးတိုင်းဒေသကြီးတရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင် သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်၊ တောင်ငူခရိုင်နှင့် သာယာဝတီခရိုင်များအတွင်း တရားမဝင် သစ်မျိုးစုံ၁၅ ဒသမ ၅၁၄၆ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၂၄၀,၄၅၄)ကိုဖမ်းဆီးရမိခဲ့ပြီးသစ်တော ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင်စစ်ကိုင်းတိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ချောင်းဦးမြို့နယ်နှင့် မုံရွာမြို့နယ် များအတွင်းလိုင်စင်မဲ့ New BuddyCZI125 အမျိုးအစား ဆိုင်ကယ်တစ်စီးနှင့် Kenbo 125 အမျိုးအစားဆိုင်ကယ်တစ်စီး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀,၀၀၀) ကိုဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဧပြီ ၂၇ ရက်၊ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၅၂မှု (ခန့်မှန်း တန်ဖိုးငွေကျပ် ၈၃၅,၈၅၁,၄၅၄) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။
သတင်းစဉ်