ရန်ကုန် ဧပြီ ၂၉
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ သင်တန်းသားရွေးချယ်ရေးဗဟိုကော်မတီဥက္ကဋ္ဌ-၁ ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးသည် ဒုတိယဥက္ကဋ္ဌ အမြဲတမ်းအတွင်းဝန်/ တာဝန်ခံညွှန်ကြားရေးမှူးချုပ် ဦးသိန်းဌေးဦး၊တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၈ နာရီတွင် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်၊ ရန်ကုန်အစည်းအဝေးခန်းမ၌ ၂၀၂၂-၂၀၂၃ ပညာ သင်နှစ် ပထမနှစ်သင်တန်း တက်ရောက်ကြမည့် သင်တန်းသား၊ သင်တန်းသူများကို အတည်ပြုရွေးချယ်ခြင်းအခမ်းအနားသို့ တက်ရောက်သည်။
နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့်နယ်စပ်ဒေသရှိ တိုင်းရင်းသားလူငယ်များ၏ လူ့စွမ်းအားအရင်း အမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်၊ရန်ကုန်သို့ တက်ရောက်ကြမည့် သင်တန်းသား၊ သင်တန်းသူများကို ရွေးချယ် ရာတွင်နယ်စပ်ဒေသတိုင်းရင်း သားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ၄၅ ကျောင်းမှ အခြေခံ ပညာအထက်တန်း အောင်မြင်ပြီး သတ်မှတ်အမှတ် ပြည့်မီသူများနှင့် တိုင်းဒေသကြီး/ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှဝင်ခွင့်အရည် အချင်းသတ်မှတ်ချက်နှင့် ကိုက်ညီသောတိုင်းရင်းသား တိုင်းရင်းသူများကို လူတွေ့စိစစ် အတည်ပြု ရွေးချယ်လျက်ရှိသည်။
ယခုပညာသင်နှစ်တွင် ဒီဂရီကောလိပ်၊ ရန်ကုန်အတွက် သင်တန်းသားရွေးချယ်ရေး ဗဟိုကော်မတီက စိစစ်ရွေးချယ်ပေးသော မြန်မာနိုင်ငံတစ်ဝန်းရှိဝေးလံခေါင်ပါးသောနယ်စပ်ဒေသများမှ သင်တန်းသား သင်တန်းသူ ၃၇၁ ဦး ကို ဧပြီ ၃၀ ရက်အထိ စိစစ်အတည်ပြုပြီးပါက ဝိဇ္ဇာ၊ သိပ္ပံဘွဲ့ ၄ နှစ်၊ A.G.T.I ဒီပလိုမာ ၃ နှစ် သင်ကြားပေးသွားမည်ဖြစ်ပြီး ကျောင်းဆင်းပြီးချိန်တွင် ဘွဲ့၊ ဒီပလိုမာများ အပ်နှင်း ပေးကာ ဝန်ကြီးဌာနများ၌ အကြီးတန်းစာရေးနှင့် အဆင့်တူရာထူးနေရာများတွင် နိုင်ငံ့ဝန်ထမ်းများအဖြစ် ခန့်အပ်တာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ပထမနှစ်သင်တန်းသား ၊ သင်တန်းသူများထားရှိသည့် အိပ်ဆောင်များ၊ စာသင်ဆောင်များ၊ စားရိပ်သာများ၊ အင်ဂျင်နီယာလက်တွေ့ အလုပ်ရုံများ၊ ဒီဂရီကောလိပ်ဆေးခန်း၊ ကျောင်းအားကစားကွင်းတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားကြောင်းသိရသည်။
သတင်းစဉ်