Skip to main content

မိုးညှင်းမြို့နယ်၌ အကြမ်းဖက်အဖွဲ့မှ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းသို့ ဒရုန်းယာဉ်ဖြင့် ဗုံးအားချိတ်ဆွဲ၍ ပစ်ချဖောက်ခွဲခဲ့သဖြင့် ပေါက်ကွဲမှုဖြစ်ပွားပြီး သံဃာတော် ၁ ပါး၊ ကလေးငယ် ၁ ဦးနှင့် အမျိုးသား ၃ ဦး ဒဏ်ရာရရှိ

နေပြည်တော် ဧပြီ ၂၉

နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာအဆောက်အဦများ၊ လမ်းတံတားများနှင့် စာသင်ကျောင်းများအား အကြမ်းဖက် ဖောက်ခွဲမှုများပြုလုပ်ခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခြင်းနှင့် နိုင်ငံ့ဝန်ထမ်းများအား ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ၏ အထွဋ်အမြတ်ထားရာ သာသနာပိုင်အဆောက်အဦများ၊ ဘုန်းတော်ကြီးကျောင်းများကိုပါ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းနှင့် ရဟန်းသံဃာတော်များအား ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခြင်းများအား စိတ်နှလုံးညှိုးနွမ်းဖွယ် ရက်စက်စွာ ပြုလုပ်နေကြသည်ကို တွေ့ရှိရပါသည်။

ထိုသို့ ပြုလုပ်လျက်ရှိရာတွင် ဧပြီလ ၂၈ ရက်နေ့ ည ၆ နာရီ ၄၅ မိနစ်အချိန်တွင် ကချင် ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန်းမားကျေးရွာအုပ်စု၊ နန့်စလော်ကျေးရွာရှိ “ဒက္ခိဏဝန်မန်” (တောင်ကျောင်း)ဘုန်းတော်ကြီးကျောင်းတိုက်အား အကြမ်းဖက်အဖွဲ့များက ဒရုန်းယာဉ်ဖြင့် ဗုံး ၁ လုံးအား ချိတ်ဆွဲ၍ ပစ်ချဖောက်ခွဲခဲ့ပြီး ၅ မိနစ်ခန့်အကြာတွင် ထပ်မံ၍ ဗုံး ၁ လုံးပစ်ချဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ အဆိုပါ ဗုံး ၂ လုံးမှာ ဘုန်းကြီးကျောင်းဝင်းအတွင်း၌ အလှူပွဲအတွက် ချက်ပြုတ်ပြင်ဆင်နေသည့်နေရာအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ကျောင်းတိုက်နေဆရာတော် ဥူးဝိမလ သက်တော်(၇၈)နှစ်၊ ဝါတော်(၂၅)ဝါနှင့် အဆိုပါကျေးရွာနေ ဦးသန်းထွန်း (၅၂)နှစ်၊ ဦးအောင်ကြီး (၆၈)နှစ်၊ ဦးမြကြီး(၈၃)နှစ်၊ မောင်ဓာတ်စံ(၅)နှစ်တို့တွင် ဗုံးစထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်တွင် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ၏ အထွဋ်အမြတ်ထားရာ သာသနာပိုင် အဆောက်အဦများ၊ ဘုန်းတော်ကြီးကျောင်းများ ကိုပါ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေခံတပ်မတော်စစ်ကြောင်းများနှင့် ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။