နေပြည်တော် ဧပြီ ၂၉
မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ (၈)ကြိမ်မြောက် မိတ်ဖက်အဖွဲ့အစည်းများ ညှိနှိုင်းအစည်းအဝေး (8th Partnership Meeting) ကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့၊ Wyndham Grand Hotel ၌ hybrid system ဖြင့်ကျင်းပသည်။
အစည်းအဝေးတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥပဒေ (၂၀၁၅)အရ Focal Ministry အဖြစ် ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် မိတ်ဖက်အဖွဲ့အစည်းများ အနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသည့် လုပ်ငန်းများတွင် ဝန်ကြီးဌာနနှင့် ပိုမိုပူးပေါင်းဆောင်ရွက်စေလိုကြောင်း။
လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်ရာတွင် လူမျိုးဘာသာ၊ နိုင်ငံရေး နောက်ခံမခွဲခြားဘဲ အခက်အခဲ ကြုံတွေ့နေရသည့် ဒေသများနှင့် ပြည်သူများထံသို့ လိုအပ်ချက်နှင့်အညီ ပံ့ပိုးပေးရန် လိုအပ်ကြောင်း၊မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် စည်းလုံးညီညွတ်မှု မထိခိုက် စေရေးကို လေးစားလိုက်နာကြရမည်ဖြစ်ကြောင်း။
မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် အာဆီယံ AHA Centerနှင့် နိုင်ငံတကာမှ မြန်မာနိုင်ငံသို့ ပေးအပ်လျက်ရှိသည့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများကို လိုအပ်သည့် ပြည်သူများထံသို့ ဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပေးပို့ထောက်ပံ့နိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် လက်ရှိပူးပေါင်း ဆောင်ရွက်နေသော လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး လုပ်ငန်းများ၏ အခြေအနေများ၊ ရလဒ်များ၊ အားသာချက်နှင့် အားနည်းချက်များကို ညှိနှိုင်းဆွေးနွေးပြီး ရှေ့လုပ်ငန်းစဉ်များတွင် ပိုမိုကောင်းမွန်သည့် စီမံခန့်ခွဲမှုများဖြင့် ဆောင်ရွက်သွားပါက ရလဒ်ကောင်းများ ရရှိလာမည်ဖြစ်ကြောင်း ပြောကြားသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း၊ ဂျာမန်ကြက်ခြေနီအသင်းနှင့် အခြားသော မိတ်ဖက်အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)