နေပြည်တော် ဧပြီ ၂၈
ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံး(တာဝန်ခံ) ညွှန်ကြားရေးမှူးများ၏ ညှိနှိုင်းဆွေးနွေးပွဲ(၁/၂၀၂၂)ကို ယနေ့ နံနက် ၉ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး(နေပြည်တော်) စုပေါင်းခန်းမ၌ ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အကောင်အထည်ဖော်ဆောင်ရွက်သွားမည်
ဆွေးနွေးပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်က ယခုကာလသည် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအနေဖြင့် နိုင်ငံတော်ဘဏ္ဍာငွေ စီမံခန့်ခွဲရေးနှင့် အသုံးစရိတ်များမှန်ကန်စွာ ဆောင်ရွက်နိုင်စေရေးအတွက် စာရင်းစစ်ဆေးခြင်းနှင့် ကြီးကြပ်ခြင်းလုပ်ငန်းစဉ်များ လိုအပ်ပါကြောင်း၊ ပြည်သူ့ဘဏ္ဍာရေးဆိုင်ရာစစ်ဆေးခြင်း၊ ကြီးကြပ်ခြင်းနှင့် အစီရင်ခံခြင်းလုပ်ငန်းများကို အရည်အသွေးပြည့်မီစွာဖြင့် အချိန်နှင့်တစ်ပြေးညီ အစီရင်ခံ တင်ပြနိုင်ရန်အတွက် အချိန်နှင့်တစ်ပြေးညီ စစ်ဆေးမှု (Real Time Audit)ကို ယခုဘဏ္ဍာနှစ်မှစ၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံးများ အနေဖြင့်လည်း မိမိရုံးဝန်ထမ်းအင်အားပေါ် အခြေခံ၍ ပုံမှန်စစ်ဆေးရေးလုပ်ငန်းနှင့် Real Time Audit လုပ်ငန်းများကို ဆောင်ရွက်ရန် ထိရောက်သော ဘဏ္ဍာငွေကြီးကြပ်စစ်ဆေးရေး အစီအစဉ်များကို ရေးဆွဲထားရန် လိုအပ်ပါကြောင်း၊ စစ်ဆေးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တိကျလျင်မြန် ပြီးမြောက်စေရန်အတွက် စစ်ဆေးရမည့် အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ကွင်းဆင်းစစ်ဆေးခြင်းသည် စစ်ဆေးတွေ့ရှိချက်များ ခိုင်လုံသေချာမှုအတွက် အလွန်အရေးပါသဖြင့် အလေးထား ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ချက်ချင်းအရေးယူ ဆောင်ရွက်ရန်လိုအပ်သည့် အရေးကြီး စစ်ဆေးတွေ့ရှိချက်များကို အချိန်နှင့်တစ်ပြေးညီ အစီရင်ခံတင်ပြရန်နှင့် လုပ်ငန်းတာဝန်များကို ထိရောက်မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း မှာကြားသည်။
ယင်းနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့၏ စာရင်းစစ်ချုပ်ရုံး(တာဝန်ခံ) ညွှန်ကြားရေးမှူးများက စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိသည့်လုပ်ငန်းများ၊ ရုံးဖွင့်လှစ်နိုင်မှုနှင့် ဝန်ထမ်းအင်အားအခြေအနေများ၊ ဝန်ထမ်းများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီးမှုအခြေအနေ၊ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို တင်ပြဆွေးနွေးပြီး အစည်းအဝေးနံနက်ပိုင်းကို ရပ်နားခဲ့သည်။
ဆွေးနွေးတင်ပြ
မွန်းလွဲပိုင်း ဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ နေပြည်တော်စာရင်းစစ်ရုံးနှင့် မြန်မာနိုင်ငံ စာရင်းကောင်စီရုံးတို့မှ(တာဝန်ခံ) ညွှန်ကြားရေးမှူးများက ဆက်လက်ဆွေးနွေး တင်ပြကြသည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်(စစ်ဆေးရေး)နှင့် အမြဲတမ်းအတွင်းဝန်တို့က စစ်ဆေးရေးနှင့် ရုံးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေး မှာကြားသည်။
ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်က လိုအပ်သည်များကို ဖြည့်ဆည်းညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်