Skip to main content

တရားမဝင် သစ်မျိုးစုံ၊ လူသုံးကုန်၊ စားသောက်ကုန်နှင့် ခနောက်စိမ်းသတ္တုရိုင်းများ ဖမ်းဆီးရမိ

နေပြည်တော် ဧပြီ ၂၈

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဧပြီ ၂၆ ရက်တွင် မကွေးတိုင်း‌ဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သစ်တောဦးစီးဌာန ဦး‌ဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သရက်ခရိုင် အောင်လံမြို့နယ်အတွင်း တရားမဝင် ပျဉ်းကတိုးခွဲသား (၇ ဒသမ ၂၉၃၂) တန်၊ (ခန့်မှန်း တန်ဖိုး ငွေကျပ် ၃၆၄၆၆၀၀) ကို သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကာ မင်းဘူးမြို့နယ် ထောက်ရှာပင်-ထန်းကိုင်း-ရေနံမ ရေနံမြေအတွင်း တရားမဝင် ရေနံစိမ်း ၁၀ ဂါလန်ခန့်ပါ အိတ် (၃၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၉၁၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး မင်းဘူးမြို့မရဲစခန်းသို့ လွှဲပြောင်း၍ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

အလားတူ မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မုဒုံမြို့နယ်အတွင်း တရားမဝင် ခနောက်စိမ်းသတ္တုရိုင်း (၅)တန်၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၁၈၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး မြန်မာ့သတ္တုတွင်း ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ဧပြီ ၂၇ ရက်တွင် ချင်းပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားမဝင် ချက်အရက်များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၆၁၁,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ချင်းဝိ‌‌သေသတိုင်း အက်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ယင်းအပြင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ် မရမ်းချောင် အမြဲတမ်း စစ်ဆေးရေးစခန်း၌ တာဝန်ကျ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ခရီးသည်တင်ယာဉ် တစ်စီးပေါ်၌ တရားမဝင်တင်သွင်းလာသော (M-150) တံဆိပ်အချိုရည်များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၀၀၀၀၀)ကိုလည်းကောင်း၊ မြန်မာစက်မှုဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ တာဝန်ကျ အကောက်ခွန်အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားခြင်းမရှိသော ဇာအထည်အလိပ်များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၁၂၀၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၄၂၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဧပြီ ၂၈ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဖြူးမြို့နယ်နှင့် ရေတာရှည်မြို့နယ်များအတွင်း တရားမဝင်သစ်မျိုးစုံ (၉ ဒသမ ၆၇၇၀) တန်၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၀၇၀,၅၁၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဧပြီ ၂၆ ရက်၊ ၂၇ ရက် နှင့် ၂၈ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၀ မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၄၃၇၂၁၀ )ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်