နေပြည်တော် ဧပြီ ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ် ဟိုရွက်ကျေးရွာရှိ ဒေသခံတိုင်းရင်းသားပြည်သူများကို ယနေ့တွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးတပ်ရင်းမှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် နယ်မြေခံဆေးအဖွဲ့က ဒေသခံတိုင်းရင်းသား ပြည်သူ ၇၀၀ တို့ကို နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ သွေးတိုးရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ငှက်ဖျားရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူများကို မိုင်းဆတ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်းသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်