နေပြည်တော် ဧပြီ ၂၇
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဧပြီ ၂၅ ရက် မွန်းလွဲ ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့ နယ် ဂွေးပင်ကျေးရွာ၊ ပျဉ်းမနားမြို့နယ် ကျွန်းဦး ကျေးရွာနှင့် လယ်ဝေးမြို့နယ် သော်မှော်ကုန်းကျေးရွာများသို့ သွားရောက်၍ စံပြကျေးရွာများအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ် ဂွေးပင်ကျေးရွာသို့ ရောက်ရှိ၍ ဦးစီးဌာနများမှ ဝန်ထမ်းများ၊ ကျေးရွာသူ ကျေးရွာသားများ၊ စံပြကျေးရွာလေ့လာသူများနှင့် တွေ့ဆုံ သည်။ တွေ့ဆုံစဉ် စံပြကျေးရွာအဖြစ် အကောင် အထည်ဖော်ဆောင်ရွက်နေမှုနှင့်စပ်လျဉ်း၍ ဒုတိယ ဝန်ကြီးက မိမိတို့ဝန်ကြီးဌာနသည် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ မိသားစုဝင်ငွေတိုးပွားရေး၊ အလုပ်အကိုင်အခွင့် အလမ်းများရရှိရေးတို့ကို အလေးထားဆောင်ရွက် နေသည်နှင့်အညီ ယခုနေပြည်တော်ကောင်စီနယ်မြေအတွင်း ကျေးရွာသုံးရွာအား ရှေ့ပြေးစီမံကိန်းအဖြစ် စတင်အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ လာမည့်ဘဏ္ဍာနှစ်တွင် ကျေးရွာသုံးရွာ စီရွေးချယ်၍ ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများ တွင်လည်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျေးရွာသူ ကျေးရွာသားများကလည်း မိမိတို့ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းပါဝင်၍ အလေးထား ဆောင်ရွက်ပေးစေလိုကြောင်း၊ လုပ်ငန်းလိုအပ်ချက်များရှိပါကလည်း တင်ပြပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဂွေးပင် (စံပြ) ကျေးရွာ၏ စနစ်တကျလယ်ယာမြေဖော်ထုတ် ခြင်းလုပ်ငန်းကိုလည်းကောင်း၊ လာမည့်ဘဏ္ဍာနှစ်တွင် ဆက်လက်ဖော်ထုတ်မည့် စနစ်တကျ လယ်ယာမြေအတွက် ကုန်ထုတ်လမ်းဖောက်လုပ်မည့် အခြေအနေကိုလည်းကောင်း၊ တစ်နိုင်တစ်ပိုင် ခေါင်းလျှော်ရည်၊ ဆပ်ပြာရည်ထုတ်လုပ်မှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေး၍ လုပ်ငန်းဆောင်ရွက်နေမှုများအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပျဉ်းမနားမြို့နယ် ကျွန်းဦး (စံပြ) ကျေးရွာသို့ရောက်ရှိပြီး စံပြကျေးရွာအဖြစ် အကောင် အထည်ဖော်ဆောင်ရွက်နေသော လုပ်ငန်းများအနက် ကျေးရွာရေရရှိရေးအတွက် ရေသန့်စင်စက်ရုံနှင့် အိမ်တိုင်ရာရောက်ရေပေးဝေမှုစနစ်၊ ရေမီတာကောက်ခံမှုစနစ်တို့ကို ကြည့်ရှုစစ်ဆေး၍ လုပ်ငန်းဆောင်ရွက်နေမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး ပုဂ္ဂလိက လုပ်ငန်းရှင်တစ်ဦး၏ ရေပေါ်ပဲလှော်စက်ရုံမှ လုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုလေ့လာသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ် သော်မှော်ကုန်း (စံပြ)ကျေးရွာသို့ ရောက်ရှိ၍ စံပြကျေးရွာအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နေသာ လုပ်ငန်းအခြေအနေများ ကိုလည်းကောင်း၊ မိသားစုတစ်နိုင်တစ်ပိုင် ဆပ်ပြာရည်၊ ခေါင်းလျှော်ရည် ထုတ်လုပ်မှုလုပ်ငန်းကိုလည်းကောင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ ဝက်မွေးမြူရေးခြံနှင့် ကြက်မွေးမြူရေးခြံတို့ကို ကြည့်ရှုလေ့လာကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
၂၀၂၁-၂၀၂၂ ခြောက်လဘဏ္ဍာနှစ်အတွင်း အဆိုပါကျေးရွာသုံးခု၏ စီမံကိန်းလုပ်ငန်းများကို ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ကျန်ရှိနေသည့် စီမံကိန်းလုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်