Skip to main content

မန္တလေးတက္ကသိုလ်၌ ပညာသင်နှစ်အလိုက် သင်တန်းများဖွင့်လှစ်နိုင်ရေး ကြိုတင်ဆောင်ရွက် ထားရှိမှုများ ကြည့်ရှုစစ်ဆေး

မန္တလေး ဧပြီ ၂၄

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ တက္ကသိုလ်များ ဖွင့်လှစ်သည့်အခါ ကျောင်းသား ကျောင်းသူများ စိတ်ချမ်းမြေ့စွာ ပညာသင်ကြားရေး၊ တက္ကသိုလ်အင်္ဂါရပ်နှင့်အညီ ဥပဓိရုပ် ကောင်းမွန်ရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ယနေ့ နံနက်ပိုင်းက မန္တလေးတက္ကသိုလ် Research Center အစည်းအဝေးခန်းမ၌ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ထွန်းနှင့် တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်အား ပါမောက္ခချုပ်က မန္တလေးတက္ကသိုလ်၏ မျှော်မှန်းချက်၊ လုပ်ငန်းတာဝန်၊ တက္ကသိုလ်အထူးပြု ဘာသာရပ်အလိုက် ဝင်ခွင့်ရရှိမှု၊ ဘာသာရပ်ဌာနအလိုက် ဆရာ ဆရာမ အင်အား၊ ပညာသင်နှစ်အလိုက် စာမေးပွဲဖြေဆိုမှု၊ ဘဏ္ဍာနှစ်အလိုက် အဆောက်အအုံများ ဆောက်လုပ်ပြီးစီးမှုများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တက္ကသိုလ်များ ဖွင့်လှစ်တော့မည်ဖြစ်ရာ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေး၊ တက္ကသိုလ်အတွင်းရှိ သက်တမ်းရင့် အဆောက်အအုံများကိုလည်း မူလလက်ရာအတိုင်း စနစ်တကျ ပြုပြင်ထိန်းသိမ်းရန်လိုအပ်ကြောင်း ဆွေးနွေးမှာကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မန္တလေး ဥပစာကောလိပ် စတင်ဖွင့်လှစ်ခဲ့သည့် အဆောက်အအုံနှင့် အမှတ်(၂) တက္ကသိုလ်လေ့ကျင့်ရေးတပ်၊ လေ့ကျင့်ရေးကွင်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးကြောင်း သိရသည်။

မန္တလေးတက္ကသိုလ်ကို ၁၉၂၅ ခုနှစ် ဇူလိုင် ၄ ရက်တွင် မန္တလေး ဥပစာကောလိပ်အဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး မန္တလေးစိုက်ပျိုးရေးကောလိပ်၏ ရှေ့မျက်နှာစာတွင်ရှိသည့် စိုက်ပျိုးရေးဌာနပိုင် မြေစိုက်အဆောက်အအုံတစ်ခုကို မန္တလေးဥပစာကောလိပ်အဖြစ် ဖွင့်လှစ်ခဲ့သည်။ ယနေ့ မန္တလေးတက္ကသိုလ် ပင်မအဆောက်အအုံကြီးမှာ ထိုစဉ်အခါက စိုက်ပျိုးရေး ကောလိပ်ဖြစ်ကြောင်း သိရသည်။ ၁၉၅၈ ခုနှစ် ဇွန် ၁ ရက်မှစ၍ မန္တလေးတက္ကသိုလ်အဖြစ် သီးခြားတက္ကသိုလ် ဖြစ်လာသည်။ ယခုအခါမန္တလေး တက္ကသိုလ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအား ဘာသာရပ် ၂၄ ခုကို သင်ကြားပို့ချပေးလျက်ရှိကြောင်းနှင့် မြန်မာနိုင်ငံရှိ တက္ကသိုလ်များတွင် မန္တလေးတက္ကသိုလ်မှာ ဒုတိယသက်တမ်းအရင့်ဆုံး တက္ကသိုလ်ဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင် နှစ်(၁၀၀) ပြည့်တော့မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်