Skip to main content

တရားမဝင်သစ်မျိုးစုံ၊ စားသောက်ကုန်၊ လူသုံးကုန်၊ စက်သုံးဆီနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော် ဧပြီ ၂၄

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဧပြီ ၂၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် အင်းစိန်မြို့နယ် သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ရန်ကုန်မြောက်ပိုင်းခရိုင် ရန်ကုန်-ပြည်လမ်း လေဆိပ်မီးပွိုင့်အနီး၌ တရားမဝင် ကျွန်းခွဲသား ၄ ဒသမ ၁၁၀၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၃၃၀၆၀)နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် Mitsubishi Canter Box အမျိုးအစား ကုန်တင်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၂၃၃၀၆၀ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက် ရှိသည်။

အလားတူ ဧပြီ ၂၂ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး အကောက်ခွန်ဦးစီးဌာနမှူး ကြီးကြပ်၍ ပဲခူးမြို့နယ် အကောက်ခွန်ဦးစီး ဌာနမှူးအဖွဲ့က ညောင်ခါးရှည်နှင့် ဒိုက်ဦးကြား ရှောင်တခင် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ခန့်မှန်းမိုင်တိုင် အမှတ်(၁ မိုင် ၁ ဖာလုံ)ခန့်တွင် မြဝတီမြို့မှ တောင်ငူမြို့သို့ မောင်းနှင်လာသော ခရီးသည်တင်ယာဉ် တစ်စီးပေါ်၌ တရားဝင် စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသော စားသောက်ကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၈၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော Foton View အမျိုးအစား Mini Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၄၈၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က နောင်လုံတံတားအနီး၌ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စက်သုံးဆီ၊ စားသုံးဆီ၊ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၈၁၉၇၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော မော်တော်ယာဉ် ငါးစီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၁၀၀၀၀၀၀)စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၉၁၉၇၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ဧပြီ ၂၃ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သံဖြူဇရပ်မြို့မှ မန္တလေးမြို့သို့ သွားရောက်မည့် ခရီးသည်တင်ယာဉ် တစ်စီးပေါ်၌ ခရီးသည်ပစ္စည်းများနှင့်အတူ ရောနှောတင်ဆောင်လာသော တရားဝင်အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် အကောက်ခွန်မဲ့ စားသောက်ကုန်၊ ပိတ်ဖြတ်စနှင့် အဝတ်အထည်များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၃၁၈၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ယနေ့တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေး အဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင် ၊တောင်ငူခရိုင်နှင့် သာယာဝတီခရိုင်များအတွင်း တရားမဝင်ကျွန်းသစ်နှင့် သစ်မာ ၁၅ ဒသမ ၉၀၆၈ တန် (ခန့်မှန်းတန်ဖိုးငွေကျပ်၂၅၆၂၉၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဧပြီ ၂၁ ရက်၊ ၂၂ ရက်၊ ၂၃ ရက်နှင့် ၂၄ ရက်များတွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၂၁)မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၅၇၉၀၉၆၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်