နေပြည်တော် ဧပြီ ၂၄
ရခိုင်ပြည်နယ် သံတွဲခရိုင်အတွင်းရှိ တောင်ကုတ်မြို့နယ်နှင့် သံတွဲမြို့နယ်များအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများကို ဧပြီ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းနှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးတို့က ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ဧပြီ ၂၂ ရက် ညနေပိုင်းတွင် တောင်ကုတ်မြို့နယ် ပန်းတင်ကျွန်းရှိ ငမောက်ချောင်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းနှင့် မကျည်းတောကျေးရွာ အခြေခံပညာ မူလတန်းကျောင်းတို့တွင် ကျောင်းခြံစည်းရိုး၊ အုတ်တံတိုင်းကာရံပြီးစီးမှု အခြေအနေများ၊ ကျေးရွာအုပ်စုရှိ မုန်တိုင်းဒဏ်ခံ ဘက်စုံသုံး အဆောက်အအုံ ထိန်းသိမ်းထားရှိမှုနှင့် အဆောက်အအုံသစ် ဆောက်လုပ်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသသည်။ ထို့နောက် ခမောက်ချောင်းကျေးရွာ တိုက်နယ်ဆေးရုံသို့ သွားရောက်ပြီး ကျန်းမာရေးဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ ဆေးရုံအတွက် လိုအပ်ချက်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ဧပြီ ၂၃ ရက် ကပြည်နယ် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် တောင်ကုတ်မြို့နယ် တဲမောက်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) ကျောင်းဆောင်သစ် ဆောက်လုပ်မည့် မြေနေရာကို လည်းကောင်း၊ ကမ်းဒေးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအဝင် ကွန်ကရစ်လမ်းခင်းခြင်းနှင့် ကျောင်းခြံစည်းရိုး အုတ်တံတိုင်းကာရံ ပြီးစီးမှုတို့ကို လည်းကောင်း ကြည့်ရှုစစ်ဆေးရာ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသသည်။ ထို့နောက် တောင်ကုတ်ပင်မ ဓာတ်အားခွဲရုံ ၂၃၀ ကေဗွီ ဓာတ်အားခွဲရုံသို့ ရောက်ရှိရာ ဓာတ်အားခွဲရုံမှူး ဦးမျိုးသန့်ဦးက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ဓာတ်အားခွဲရုံအတွင်း လှည့်လည်ကြည့်ရှုကြရာ ဓာတ်အားခွဲရုံမှူးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်အဖွဲ့သည် သံတွဲမြို့နယ် ဇီးကျွန်းကျေးရွာသို့ ရောက်ရှိပြီး တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုဝင်များနှင့် စေတနာရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် ၂၀၁၄-၂၀၁၅ ခုနှစ်တွင် တည်ဆောက်ခဲ့သော ဇီးကျွန်း ကျေးရွာအဝင်တံတားကို ကြည့်ရှုစစ်ဆေးကာ တံတားကြံ့ခိုင် ကောင်းမွန်ရေးအတွက် ဆောင်ရွက်မည့်အခြေအနေများ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ လှည့်လည်ကြည့်ရှု စစ်ဆေးကြရာ ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ အဖွဲ့ဝင်များသည် သံတွဲမြို့နယ် ရွှေလှေကျေးရွာ၊ နတ်တောင်မော်ကျေးရွာ၊ အမှတ်(၆) ရပ်ကွက်တို့သို့ရောက်ရှိပြီး လျှပ်စစ်မီးနှင့် သောက်သုံးရေဖူလုံရေး ဆောင်ရွက်ထားရှိမှု၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများ၊ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရသည်။
သတင်းစဉ်