နေပြည်တော် ဧပြီ ၂၄
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထိန်သည် တာဝန်ရှိသူများနှင့်အတူ ဧပြီ ၂၂ ရက် နံနက်ပိုင်းက မအူပင် - တွံတေးလမ်း မိုင်တိုင် (၂၃/၅-၂၃/၆)ရှိ မဒိုင်းချောင်းတံတား တည်ဆောက်ရေး လုပ်ငန်းခွင်သို့ရောက်ရှိရာ တံတားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးက တံတားတည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုနှင့် အချောသပ်လုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြသည်။
လိုအပ်သည်များ မှာကြား
ဆက်လက်၍ ဒုတိယဝန်ကြီးသည် မအူပင် - တွံတေးလမ်း မိုင်တိုင်အမှတ် (၁၈ / ၆ -၂၀ / ၆) အတွင်း ပေ ၄၀ အကျယ် မြေသားတာပေါင်ချဲ့ခြင်းနှင့် လမ်းတာပေါင် ရေမတိုက်စားစေရန် Geogrid / Terramesh / Renomatress များဖြင့် မြေကာနံရံ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု၊ B.O.T စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် ဆားမလောက် - မအူပင်လမ်း ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ ပန်းတနော်မြို့နယ်ရှိ ဆုတောင်းပြည့် - အိမ်မဲလမ်း လမ်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ပုသိမ်ခရိုင် ကျောင်းကုန်းမြို့နယ်ရှိ လှည်းဆိပ် (စံပြ)ကျေးရွာအဝင် ကွန်ကရစ်လမ်း ဆောင်ရွက်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
ရှင်းလင်းတင်ပြ
ဧပြီ ၂၃ ရက် နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့ ဧည့်ရိပ်သာ အစည်းအဝေးခန်းမသို့ရောက်ရှိရာ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး၊ လမ်းဦးစီးဌာနနှင့် တံတားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ လမ်းကွန်ရက် ဖွံ့ဖြိုးတိုးတက်မှု၊ နာဂစ်လမ်း ၁၁ လမ်း လမ်းကွန်ရက် ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းတွင် ပါဝင်သော Paved Road မဖြစ်သေးသော လမ်းများကို Paved Road ဖြစ်စေရန် ငါးနှစ်စီမံချက် ရေးဆွဲဆောင်ရွက်ထားရှိမှု၊ လမ်းများပေါ်ရှိ တံတားများ အဆင့်မြှင့်တင် ဆောင်ရွက်ထားရှိမှု၊ လက်ရှိလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များကို ရှင်းလင်းတင်ပြသည်။
စီမံချက်များရေးဆွဲထား
ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးက သဘာဝဘေးဒဏ် ကာကွယ်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန်၊ သဘာဝဘေးဒဏ် ဖြစ်ပေါ်လာပါက ချက်ချင်းတုံ့ပြန် ဆောင်ရွက်သွားနိုင်ရေး လူ၊ ပစ္စည်း၊ စက်ယန္တရားများ စုစည်းဆောင်ရွက်ထားပြီး ကာကွယ်ရေးစီမံချက်များ ရေးဆွဲထားရန် မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ပုသိမ်ပြည်သူ့ဆေးရုံကြီး ကိုးထပ်တိုးချဲ့ဆောင် တည်ဆောက်ရေးလုပ်ငန်းကို လည်းကောင်း၊ Green Land Project အတွင်း နိုင်ငံ့ဝန်ထမ်းအိမ်ရာ စီမံကိန်းကို လည်းကောင်း၊ ချောင်းသာမြို့ ရှောင်လမ်း ဖောက်လုပ်နေမှုကို လည်းကောင်း၊ ချောင်းသာ-ရွှေသောင်ယံ (ကမ်းခြေပတ်လမ်း)၏ ချောင်းသာအပိုင်း မိုင် (၁/၀-၁/၁)ကြားရှိ စပါးထား တံတားသံပေါင်များ နိမ့်ကျပျက်စီးနေသည့် နေရာ၌ ယာဉ်သွား လမ်းအကျယ် ၂၄ ပေ၊ တံတားခံနိုင်ဝန် တန် ၆၀၊ နှစ်လမ်းသွား သံကူကွန်ကရစ်တံတား တည်ဆောက်မည့် လုပ်ငန်းခွင်ကို လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားကြောင်း သိရသည်။
သတင်းစဉ်