Skip to main content

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

(၂၄-၄-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီ

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျလိုက်နာ ဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေး ထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။

COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၂၃-၄-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၄-၄-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၇,၆၇၇) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၆) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုး တွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၂) ရာခိုင်နှုန်း ရှိပါသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၇,၈၉၈,၇၅၄) ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၆၁၂,၇၄၉) ဦး ရှိပြီဖြစ်ပါသည်။

ဓာတ်ခွဲအတည်ပြုလူနာများအား နေအိမ်တွင် သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြားထားရှိ ကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ (၂၄) ဦး ရှိသဖြင့် ယနေ့အထိ ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း (၅၉၁,၆၃၃) ဦး ရှိပြီဖြစ်ပါသည်။ ယနေ့တွင် COVID-19 ရောဂါဖြင့် သေဆုံးသူ မရှိပါသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း (၁၉,၄၃၄) ဦး ရှိပါသည်။

သို့ဖြစ်ပါ၍ (၃-၄-၂၀၂၂) ရက်နေ့မှစ၍ ယနေ့အထိ  (၂၂) ရက်ဆက်တိုက် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိမှုနှုန်းမှာ (၁) ရာခိုင်နှုန်းအောက်သို့ လျော့နည်းလျက်ရှိနေပါကြောင်းနှင့် (၇-၄-၂၀၂၂) ရက်နေ့မှစတင်၍ ယနေ့အထိ (၁၈)ရက်ဆက်တိုက် COVID-19 ရောဂါဖြင့် သေဆုံးသူမရှိခဲ့ကြောင်း တွေ့ရှိရပါသည်။

COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် COVID-19 ရောဂါ ကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ (၂၃-၄-၂၀၂၂) ရက်နေ့အထိ လူဦးရေ စုစုပေါင်း (၂၉,၆၀၈,၀၃၇) ဦးအား ထိုးနှံပေးပြီးဖြစ်၍ ပထမအကြိမ် ထိုးနှံပြီးစီးသူ (၆,၇၄၄,၀၅၈) ဦး၊ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးစီးသူ (၂၂,၈၆၃,၉၇၉) ဦးနှင့် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပြီးစီးသူ (၁,၂၇၈,၃၂၉) ဦး ရှိပြီဖြစ်ပါသည်။ သို့ဖြစ်ပါ၍ (၂၃-၄-၂၀၂၂) ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း (၅၃,၇၅၀,၃၄၅) ကြိမ် ထိုးနှံပြီး ဖြစ်ပါသည်။

  • ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံမှု ခံယူထားခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးရမှုကို ၇ ဆခန့်အထိ လျှော့ချနိုင်သည်ကို တွေ့ရှိရပါသည်။ လူတိုင်းစေ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အကြိမ်ပြည့် ထိုးနှံထားရှိရန် လိုအပ်သကဲ့သို့ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ သွေးတိုး၊ နှလုံး၊ ဆီးချို အစရှိသည့်  နာတာရှည် ရောဂါရှိသူများသည်လည်း ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံကြရန် အထူးလိုအပ်ပါသည်။
  • နိုင်ငံတကာ ခရီးသွားကဏ္ဍတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံမှု ခံယူထားသူများအား ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကန့်သတ်ချက်များနှင့် ပတ်သက်၍ ဖြေလျှော့ပေးခြင်းများစွာ ဆောင်ရွက်လျက်ရှိပါသည်။
  • ကျန်းမာရေးဝန်ကြီးဌာနသည် အသက် ၁၅ နှစ်နှင့်အထက် မိဘပြည်သူအားလုံးနှင့် အသက် ၁၂ နှစ်မှ အသက် ၁၈ နှစ်အထိ အခြေခံပညာ ကျောင်းသူ/ ကျောင်းသားများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးလျက်ရှိခြင်းနှင့် အသက် ၄၀ နှစ်နှင့်အထက် ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးစီးမှုကာလ ၆ လနှင့်အထက်ရှိသော မိဘပြည်သူများအား ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးလျက်ရှိပါ၍ ပြည်သူများအနေဖြင့် နီးစပ်ရာ ကျန်းမာရေးဌာနများ၊ ကျေးရွာ/ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများနှင့် ဆက်သွယ်၍ ကာကွယ်ဆေးထိုးနှံမှုကို မပျက်မကွက် ခံယူကြပါရန် တိုက်တွန်းနှိုးဆော် အပ်ပါသည်။
  • ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင် အင်တာနက်စာမျက်နှာ www.moh.gov.mm တွင် ဝင်ရောက်ကြည့်ရှု နိုင်ပါသည်။