Skip to main content

(၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယနေ့ ဆက်လက်ကျင်းပ

နေပြည်တော် ဧပြီ ၂၄

(၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။

နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များသည် မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းပြသထားသည့် ပုလဲအတွဲများ၊ ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာ ကြည့်ရှုကြသည်။

ယနေ့ပြပွဲတွင် ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်များသည် ပြပွဲတွင်ရောင်းချမည့် ပုလဲအတွဲအမှတ် ၂၂၁ မှ အတွဲအမှတ် ၃၃၀ အထိ ပုလဲအတွဲ (၁၁၀)ကို ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို တင်ဒါပုံးများအတွင်း ထည့်သွင်းကြသည်။

ထို့နောက် ပုလဲအတွဲပေါင်း ၃၃၀ အနက် အတွဲအမှတ် ၂၂၁ မှ အတွဲအမှတ် ၃၃၀ အထိ ပုလဲအတွဲ (၁၁၀)အတွက် တင်သွင်းထားသော ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက တင်ဒါအမှတ် (၃)ကို မွန်းတည့် ၁၂ နာရီတွင် ဖွင့်ဖောက်စစ်ဆေးကာ ပုလဲအတွဲပေါင်း (၁၁၀)ကို ရောင်းချရကြောင်း ကြေညာသည်။

ယမန်နေ့ပြပွဲတွင် ပုလဲအတွဲအမှတ် ၁ မှ အတွဲအမှတ် ၂၂၀ ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ပုလဲအတွဲပေါင်း ၂၂၀ ကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များကို ရောင်းချနိုင်ခဲ့သည်။

ပြပွဲစတုတ္ထနေ့တွင် ဧပြီ ၂၂ ရက်မှ ၂၄ ရက်အထိ ခင်းကျင်းပြသထားသည့် ကျောက်မျက်အတွဲအမှတ် ၁ မှ အတွဲအမှတ် ၁၂၀ ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များကို ဆက်လက် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုပြပွဲတွင် ပုလဲအတွဲများကို အမေရိကန်ဒေါ်လာဖြင့် ကြမ်းခင်းဈေးသတ်မှတ်ထားရှိပြီး ငွေပေးချေရာတွင် ပြည်ပ ရတနာကုန်သည်များက အမေရိကန်ဒေါ်လာ၊ ယွမ်ငွေတို့ဖြင့် လည်းကောင်း၊ ပြည်တွင်း ရတနာကုန်သည်များက အမေရိကန်ဒေါ်လာ၊ ယွမ်၊ ကျပ်ငွေတို့ဖြင့် လည်းကောင်း ပေးချေရမည်ဖြစ်ပြီး၊ ကျောက်မျက်၊ ကျောက်စိမ်းအတွဲများကို ယူရိုငွေဖြင့် ကြမ်းခင်းဈေးသတ်မှတ်ထားရှိကာ ရတနာကုန်သည်များသည် အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်ငွေတို့ဖြင့် ပေးချေသွားရမည်ဖြစ်သည်။

ယခုကျင်းပပြုလုပ်သည့် ၅၇ ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာပြပွဲကို ဧပြီ ၂၂ ရက်မှ ၂၈ ရက်အထိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပရာ ဧပြီ ၂၂ ရက် မှ ၂၄ ရက်အထိ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပုလဲအတွဲပေါင်း ၃၃၀ ကိုရောင်းချနိုင်ခဲ့ပြီး ကျောက်မျက်အတွဲ(၁၂၀) ကို ဧပြီ ၂၅ ရက်တွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် လည်းကောင်း၊ ကျောက်စိမ်းအတွဲပေါင်း  (၂၀၀၀)ကို ဧပြီ ၂၆ ရက်မှ ၂၈ ရက်အထိ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်