နေပြည်တော်၊ ဧပြီ ၂၃
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့၊ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ မြောင်းတကာ စက်မှုဇုန်ရှိ Yangon Crown သံမဏိစက်ရုံသို့ ရောက်ရှိရာ စက်ရုံမှူးက လုပ်ငန်းလည်ပတ် အကောင်အထည်ဖော် ဆောင်ရွက် နေမှုများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက စက်ရုံမှ ထုတ်လုပ်လျက်ရှိသော သံမဏိ၊ သံချောင်းလုံးများကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်ကြရမည်ဖြစ်ကြောင်း၊ ပြည်ပမှတင်သွင်းလာသည့် သံနှင့်သံချောင်းလုံးများ၏ အရည်အသွေးများကို စစ်ဆေးနိုင်ရေး စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်း သံနှင့်သံမဏိ လိုအပ်ချက်များကိုလည်း ဈေးကွက် သုတေသန ပြုလုပ်ရမည်ဖြစ်ကြောင်း၊ သံနှင့်သံချောင်လုံးများ၏ အရည်အသွေးကောင်းမွန်မှသာ သုံးစွဲသူများ ဘေးအန္တရာယ်ဖြစ်ပွားမှု ကင်းဝေးမည်ဖြစ်ကြောင်း၊ ပြည်ပသွင်းကုန်အစားထိုး လုပ်ငန်းဖြစ်၍ ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက် ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အင်းစိန်မြို့နယ်ရှိ ဆေးဝါးစက်ရုံ (အင်းစိန်) သို့ ရောက်ရှိရာ စက်ရုံမှူးက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက် ရန်အတွက်စက်ရုံရှိ ဝန်ထမ်းအရေအတွက်၊ စက်တစ်ခုချင်းစီ၏ ထုတ်လုပ်နိုင်မှုစွမ်းအားတို့ကို အခြေခံတွက်ချက်ရန်၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်နှင့် စက်စွမ်းအားများကို အကျိုးရှိအောင် အသုံးပြုနိုင်ရေး စီမံဆောင်ရွက်ရန်၊ ထုတ်လုပ်မှု တာဝန်ခံမန်နေဂျာများသည် စက်တစ်ခုချင်းစီ၏ ထုတ်လုပ်နိုင်မှု၊ ဝန်ထမ်းများ၏ စွမ်းဆောင် နိုင်မှုတို့ကို သိရှိအောင် ဆောင်ရွက်ထားရန်၊ BPI ထုတ် ဆေးဝါးများသည် အရည်အသွေး ကောင်းမွန်သည့်အတွက် အစဉ်အလာများကို ဆက်လက် ထိန်းသိမ်းထားရန်၊ ထုတ်ကုန်တစ်ခု ချင်းစီအလိုက် လိုအပ်သည့်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုများကို သတ်မှတ်ရေးဆွဲရန်၊ လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် ဉပဒေ၊ နည်းဉပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့် ညွှန်ကြားချက်များနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်ရန်နှင့် အဂတိတရား ကင်းရှင်းစွာ ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်းသိရသည်။
(သတင်းစဉ်)