Skip to main content

နိုင်ငံတော်အစိုးရ၏ ဘွဲ့တံဆိပ်ရ ဆရာတော်ကြီးကိုးပါးအား စုပေါင်းဂုဏ်ပြုပူဇော်ပွဲ ပြုလုပ်

နေပြည်တော် ဧပြီ ၂၂

နိုင်ငံတော်အစိုးရ၏ ဘွဲ့တံဆိပ်ရ ဆရာတော်ကြီး ကိုးပါးအား တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘွဲ့တံဆိပ်တော်ရ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ်ရှိတိပိဋက ပုလဲရောင်ရှိန်စာသင်တိုက် ပဓာနနာယက ရမ္မာဝတီဆရာတော် ဘဒ္ဒန္တဣန္ဒပါလ ဦးဆောင်၍ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် မကျည်းကျွန်းမြောက်ကျောင်းဆိုင်ရာ ဒါယကာ/ဒါယိကာမတို့က စုပေါင်းဂုဏ်ပြုပူဇော်ပွဲကို ယနေ့မွန်းလွဲပိုင်း တွင် မကျည်းကျွန်းမြောက်ကျောင်းတိုက်ရှိ တိပိဋက ဓမ္မဗိမာန်တော်ကြီး၌ ပြုလုပ်သည်။

တက်ရောက်

အဆိုပါ ဂုဏ်ပြုပူဇော်ပွဲသို့ နိုင်ငံတော်အစိုးရ၏ ဘွဲ့တံဆိပ်ရ အပူဇော်ခံ ဆရာတော်ကြီးများဖြစ်ကြသည့် မကျည်းကျွန်းမြောက်ကျောင်းတိုက် ပဓာန နာယက ဆရာတော် သာသနဓဇဓမ္မာစရိယ မဟာဂန္ထ ဝါစကပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တသာသနအမှူးပြုသော ဆရာတော်ကြီး ကိုးပါးနှင့် ပင့်သံဃာတော်များ ကြွရောက်တော်မူကြပြီး ရခိုင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ကြသည်။

ဆက်ကပ်လှူဒါန်း

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မကျည်းကျွန်းမြောက် ကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွား ချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူ ကြသည်။ ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများကို လျှောက်ထားပြီး တက်ရောက်လာကြသူများက နိုင်ငံတော်အစိုးရ၏ ဘွဲ့တံဆိပ်ရ အပူဇော်ခံ ဆရာတော်ကြီးကိုးပါးတို့ကို လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ဧည့်ပရိသတ်များက မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ်ရှိတိပိဋက ပုလဲရောင်ရှိန်စာသင်တိုက် ပဓာနနာယကရမ္မာဝတီ ဆရာတော်ထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။

သတင်းစဉ်