Skip to main content

အာဆီယံ ကိုယ်ကာယကြံ့ခိုင်မှု ညွှန်းကိန်းများကောက်ယူခြင်း အစည်းအဝေးကျင်းပ

နေပြည်တော် ဧပြီ ၂၂

အာဆီယံ ကိုယ်ကာယကြံ့ခိုင်မှုညွှန်းကိန်းများ ကောက်ယူခြင်းအစည်းအဝေးကို ယနေ့တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး ဦးဆောင်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ သက်ဆိုင်ရာဌာနခွဲ ညွှန်ကြားရေးမှူးများနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ခရိုင် လက်ထောက်ညွှန်ကြားရေးမှူးများနှင့် ကိုယ်ကာယကြံ့ခိုင်မှု စစ်ဆေးဆောင်ရွက်မည့် တာဝန်ခံများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက မြန်မာနိုင်ငံသားများ၏ ကိုယ်ခန္ဓာ ကြံ့ခိုင်မှု ညွှန်းကိန်းများ အတည်ပြု သတ်မှတ်နိုင်ရေး သုတေသနစစ်တမ်းကောက်ယူခြင်းကို ပြည်ထောင်စုနယ်မြေ (နေပြည်တော်)အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၅ ခုတို့ရှိ မြို့ပြ၊ ကျေးလက်ဒေသ များတွင် အင်အား ၄၈၀ ဖြင့် အသက်အုပ်စု လေးမျိုးခွဲခြား၍ သတ်မှတ်လူဦးရေ ၇၆၈၀ ကို သတ်မှတ် ကာလဖြစ်သည့် ၂၀၂၂ ခုနှစ် မေလအတွင်း ASEAN Physical Fitness Indicator (APFI) Templates များအသုံးပြု၍ ကိုယ်ခန္ဓာ ကြံ့ခိုင်မှုညွှန်းကိန်း ငါးမျိုးအား ဆန်းစစ်လေ့လာဆောင်ရွက်သွားမည်ဖြစ်၍ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ စစ်တမ်းကောက်ယူ သည့်အဖွဲ့များ အဆင်ပြေချောမွေ့မှုရှိစေရေးအတွက် တာဝန်ခံညွှန်ကြားရေးမှူးများအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များနှင့် လိုအပ်သည်များ ကြိုတင်ညှိနှိုင်း ဆောင်ရွက်ထားရန်လိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက စစ်တမ်းမေးခွန်းလွှာများ မှန်မှန်ကန်ကန်ရရှိနိုင်စေရေးအတွက် စစ်တမ်းကောက်ယူ မည့် ကိစ္စရပ်များနှင့်ပတ်သက်ပြီး အဖွဲ့များစနစ်တကျ ခွဲ၍ လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားနိုင်ရန်အတွက် ကိုယ်ခန္ဓာကြံ့ခိုင်မှု ညွှန်းကိန်းများကောက်ယူမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လည်းကောင်း၊ အားကစားဆေးဘက်ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာစိုးမင်းဦးက စစ်တမ်း ကောက်ယူမည့်အဖွဲ့များကို ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ထပ်မံ၍ သင်တန်းပေးဆောင်ရွက် သွားမည့်ကိစ္စကို လည်းကောင်း ဆွေးနွေးပြောကြားပြီး ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်