Skip to main content

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရ တရားစွဲဆိုခံရသည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးသောင်းထွန်းအပေါ် စီရင်ချက်အမိန့်ချမှတ်

နေပြည်တော် ဧပြီ   ၂၂

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးသောင်းထွန်း၏ ဆောင်ရွက်မှုများ အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနှင့်အညီ အရေးယူပေးပါရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့သည်။

စစ်ဆေးတွေ့ရှိချက်အရ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌဟောင်း ဦးသောင်းထွန်းသည် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တာဝန်ထမ်းဆောင်စဉ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနပိုင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက်ပုဇွန်တောင်လမ်းပေါ်ရှိ မြေဧက ၉ ဒသမ ၂၂၀ အား ၎င်းနှင့် ပုဂ္ဂိုလ်ရေးရင်းနှီးသော ပုဂ္ဂလိကကုမ္ပဏီတစ်ခုသို့ တင်ဒါခေါ်ယူမှုမရှိဘဲ နှစ် ၃၀ ငှားရမ်းပေးခဲ့ရာတွင် ပြည်ထောင်စုအစိုးရအဖွဲ့ (ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ နှင့်စပ်လျဉ်းသည့် မြေအသုံးပြုပိုင်ခွင့်အမိန့် ကြော်ငြာစာ) အမိန့်ကြော်ငြာစာအမှတ် ၃၉/၂၀၁၁ နှင့် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက် ၃/၂၀၁၈ ၌ ငှားရမ်းခအား နိုင်ငံပိုင်မြေ၊ အဆောက်အအုံများ တည်ရှိရာဒေသ၏ ကာလပေါက်ဈေးအတိုင်း သတ်မှတ်ရမည်ဟူသော ပြဋ္ဌာန်းချက်ကို လိုက်နာမှု မရှိခြင်း၊ နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ တင်ဒါလုပ်ထုံး လုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်မှု မရှိခြင်းတို့ကြောင့် တစ်နှစ်အတွက် မြေငှားရမ်းခ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သိန်းကျော်နှင့် မြေအသုံးချမှု ပရီမီယံကြေး အမေရိကန် ဒေါ်လာ ၈ ဒသမ ၉ သန်းကျော် နစ်နာဆုံးရှုံးခဲ့ခြင်းတို့ကြောင့် ပြည်ထောင်စုဝန်ကြီးဟောင်း ဦးသောင်းထွန်းအပေါ် အဂတိလိုက်စား မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်၌ တရားစွဲဆိုတင်ပို့ခဲ့ရာ ရာဇဝတ်ကြီးမှုအမှတ် ၄၁/၂၀၂၁၊ ၄၂/၂၀၂၁ နှင့် ၄၃/၂၀၂၁ အထိ အမှုသုံးမှုဖြင့် လက်ခံစစ်ဆေးခဲ့သည်။

ယင်းအမှုများအပေါ် ပြစ်မှုထင်ရှားသဖြင့် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်က ယနေ့ ရက်စွဲဖြင့် ပြည်ထောင်စု ဝန်ကြီးဟောင်း ဦးသောင်းထွန်းကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ အရ အမှုသုံးမှုအတွက် စုစုပေါင်းအလုပ်နှင့် ထောင်ဒဏ် ၉ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)