Skip to main content

(၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပထမနေ့စတင်ကျင်းပ

နေပြည်တော် ဧပြီ ၂၂

(၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲပထမနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ကျင်းပရာ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များဖြင့် စည်ကားလျက်ရှိသည်။

နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းပြသထားသည့် ပုလဲအတွဲများ၊ ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်း အတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။

ထို့နောက် ရတနာကုန်သည်များသည် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည့် ဈေးနှုန်းတင်သွင်းလွှာများကို သက်ဆိုင်ရာတင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။

ကျောက်မျက်ရတနာပြပွဲတွင် အလေးချိန်  ၇၇၅၃၈ ဒသမ ၁၅ မိုမီရှိ နိုင်ငံပိုင်ပုလဲအတွဲပေါင်း (၃၃၀)၊ အလေးချိန် ၁၂၆၀၂ ဒသမ ၇၃၈၉ ကရက်၊ ၃၃၅ ဒသမ ၄၆ ဂရမ်ရှိ နိုင်ငံပိုင်ကျောက်မျက်အတွဲ ၆၂ တွဲ၊ အလေးချိန် ၉၉၁၀၅ ဒသမ ၀၀ ကရက်၊ ၆၁ ဒသမ ၂၆ ကီလိုရှိ နိုင်ငံတော်နှင့် အကျိုးတူဆောင်ရွက်သော ကုမ္ပဏီများမှ ကျောက်မျက်အတွဲ ၂၀ နှင့် အလေးချိန် ၂၉၇၈ ဒသမ ၅၁ ကရက်၊ ၄၇ ဒသမ ၈၃ ကီလို၊ ၄၃၉ ဒသမ ၆၃ ဂရမ်ရှိ ပုဂ္ဂလိကကုမ္ပဏီများမှ ကျောက်မျက်အတွဲ ၃၈ တွဲ စုစုပေါင်းအလေးချိန် ၁၁၄၆၈၆ ဒသမ ၂၄၈၉ ကရက်ရှိ ကျောက်မျက်အတွဲပေါင်း (၁၂၀)၊ အလေးချိန် ၅၈ ဒသမ ၅၉၇ တန်ရှိ နိုင်ငံပိုင် ကျောက်စိမ်းအတွဲ ၁၅၀၊ အလေးချိန် ၅၂၉ ဒသမ ၀၁၃ တန်ရှိ နိုင်ငံတော်နှင့် အကျိုးတူဆောင်ရွက်သော ကုမ္ပဏီများမှ ကျောက်စိမ်းအတွဲ ၈၀၀၊ အလေးချိန် ၁၁၉၀ ဒသမ ၉၃၅ တန်ရှိ ပုဂ္ဂလိကကုမ္ပဏီများမှ ကျောက်စိမ်းအတွဲ ၁၀၅၀ စုစုပေါင်း အလေးချိန် ၁၇၇၈ ဒသမ ၅၄၅ တန်ရှိ ကျောက်စိမ်းအတွဲပေါင်း (၂၀၀၀) တို့ကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်။

ပုလဲအတွဲများကို ဧပြီ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် အိတ်ဖွင့်တင်ဒါစနစ် ဖြင့်လည်းကောင်း၊ ကျောက်မျက်အတွဲများကို ဧပြီ ၂၂ ရက် မှ ၂၄ ရက်အထိ ခင်းကျင်းပြသပြီး ဧပြီ ၂၅ ရက်တွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့်  လည်းကောင်း၊  ကျောက်စိမ်းအတွဲများကို ဧပြီ ၂၂ ရက်မှ ၂၅ ရက်အထိ ခင်းကျင်းပြသပြီး ဧပြီ ၂၆ ရက်မှ ၂၈ ရက်အထိ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ယခုပြပွဲတွင် ပုလဲအတွဲများကို အမေရိကန်ဒေါ်လာဖြင့် ကြမ်းခင်းဈေးသတ်မှတ်ထားရှိပြီး ငွေပေးချေရာတွင် ပြည်ပရတနာကုန်သည်များက အမေရိကန်ဒေါ်လာ၊ ယွမ်ငွေတို့ဖြင့် လည်းကောင်း၊ ပြည်တွင်းရတနာကုန်သည်များက အမေရိကန်ဒေါ်လာ၊ ယွမ်၊ ကျပ်ငွေတို့ဖြင့် လည်းကောင်း ပေးချေရမည်ဖြစ်ပြီး၊ ကျောက်မျက်၊ ကျောက်စိမ်းအတွဲများကို ယူရိုငွေဖြင့် ကြမ်းခင်းဈေးသတ်မှတ်ထားရှိကာ ရတနာကုန်သည်များသည် အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်ငွေတို့ဖြင့် ပေးချေသွားရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မဏိရတနာကျောက်စိမ်းခန်းမအတွင်း၌ ကျောက်မျက်နှင့် လက်ဝတ်ရတနာ အရောင်းဆိုင်များကိုလည်း ဖွင့်လှစ်ထားရှိရာ လာရောက် လေ့လာဝယ်ယူသူများဖြင့် စည်ကားလျက်ရှိသည်။

နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရရှိရန်နှင့် နိုင်ငံသားများအတွက် စီးပွားရေး အကျိုးဖြစ်ထွန်းမှုများရရှိနိုင်စေရန်အတွက် တူးဖော်ထုတ်လုပ် ထားသည့် ကျောက်မျက်ရတနာများကို ရောင်းချနိုင်မည့် မြန်မာ့ကျောက်မျက်ရတနာပြပွဲများကို ၁၉၆၄ ခုနှစ်မှ စတင်၍ အောင်မြင်စွာ ကျင်းပခဲ့ရာ ယခုကျင်းပပြုလုပ်သည့် ၅၇ ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲကို ဧပြီ ၂၂ ရက်မှ ၂၈ ရက်အထိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း-မျိုးဆက်သစ်

ဓာတ်ပုံ-ကိုကိုကျော်