နေပြည်တော် ဧပြီ ၂၁
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဧပြီ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ရခိုင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပြည်နယ်သစ်တောဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တောင်ကုတ်မြို့နယ်နှင့် ဂွမြို့နယ်တို့အတွင်း တရားမဝင်သစ်မျိုးစုံ (၆ ဒသမ ၁၈၂၈)တန်၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၃၂၇၉၆)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ဧပြီ ၁၇ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မြန်မာအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း(သီလဝါ)၌ တာဝန်ကျအကောက်ခွန်အဖွဲ့က ဦးဆောင်၍ ပူးပေါင်းစစ်ဆေးရေး အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် အလှကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၁၆၅၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
အလားတူ ဧပြီ ၁၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် လှည်းကူးမြို့နယ် သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် ကျောက်အိုင်ကျေးရွာလမ်း မိုင်တိုင်အမှတ် (၀/၃) အနီး၌ တရားမဝင်ကျွန်းပါကေး အကြမ်းတုံး (၀ ဒသမ ၆၃၇၆) တန်၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၁၂၈၀) နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် IPSUM အမျိုးအစား မော်တော်ယာဉ် တစ်စီး၊ (ခန့်မှန်းတန်ဖိုးငွေကျပ်၂၅၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၁၉၁၂၈၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မြန်မာစက်မှုဆိပ်ကမ်း ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ တာဝန်ကျ အကောက်ခွန်အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဧပြီ ၁၉ ရက်၌ သွင်းကုန်ကြေညာလွှာ (ID)တွင် ကြေညာထားခြင်းမရှိသော Photo Album မျိုးစုံနှင့် ရက်ကန်းအထည်များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၅၃၃၄၀၀)ကို လည်းကောင်း၊ ဧပြီ ၂၀ ရက်တွင် သွင်းကုန်ကြေညာလွှာ (ID)တွင် ကြေညာထားခြင်းမရှိသော လူသုံးကုန်ပစ္စည်းများ၊ အဝတ်အထည်များနှင့် လျှပ်စစ်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၈၀၀၀၀၀)ကို လည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
၎င်းအပြင် ဧပြီ ၂၁ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်နှင့် တောင်ငူခရိုင်များအတွင်း တရားမဝင် ကျွန်းသစ်ခွဲသား (၃ ဒသမ ၀၄၈၂)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၁၄၄၆၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဧပြီ ၁၇ ရက်၊ ၁၈ ရက်၊ ၁၉ ရက်၊ ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၂ မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၅၀၃၆၉၃၆) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်