ထက်လျှံ
နိုင်ငံတကာလေကြောင်းခရီးစဉ်များကို ဧပြီ ၁၇ ရက်မှ စတင်ကာ ပြန်လည်ဖွင့်လှစ်ပေး ခဲ့သည့်အတွက် နိုင်ငံတကာလေကြောင်းခရီးစဉ် များဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်လာမည့် မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသားခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များကို ကျန်းမာရေးဝန်ကြီးဌာနက ဧပြီ ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။
နိုင်ငံတကာလေကြောင်းခရီးစဉ်ဖြင့် လာရောက်မည့် မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသား ခရီးသွားများပါရှိရမည့် စာရွက်စာတမ်းများ အထောက်အထားများ၊ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံခြင်း ရှိ/မရှိ၊ မြန်မာနိုင်ငံသို့ ဆိုက်ရောက်သည့် အချိန်မတိုင်မီ အများဆုံး (၇၂) နာရီအတွင်းကိုဗစ်-၁၉ ရောဂါကင်းရှင်းကြောင်း RT-PCR နည်းဖြင့် စစ်ဆေးထုတ် ပေးထားသည့် ဓာတ်ခွဲအဖြေ ရှိ/မရှိ၊ နိုင်ငံခြားသား ခရီးသွားများအတွက် မြန်မာ့အာမခံလုပ်ငန်းထံမှ ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေး အာမခံဝယ်ယူထားကြောင်း အထောက်အထား စသည်…တို့ အပါအဝင် အခြားသောသိရှိထားရမည့်အချက်များကို ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေး အသိပညာမြှင့်တင် ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်း နိုင်စိုးက ယခုလို ပြောကြားခဲ့သည် -
ဒေါက်တာသန်းနိုင်စိုး ။ ။ မြန်မာနှစ်ဆန်း ၁ ရက် ဧပြီ ၁၇ ရက်မှ စတင်ပြီး မြန်မာနိုင်ငံကို ဝင်ရောက်မည့် နိုင်ငံတကာခရီးသွားများကို ပြန်လည်ခွင့်ပြုပေးခဲ့ပြီး ဖြစ်ပါတယ်။ လမ်းကြောင်း နှစ်ခု မြန်မာနိုင်ငံကို လေကြောင်းခရီးလမ်းကနေ လာဖို့အတွက် လမ်းကြောင်း နှစ်ခုရှိပါတယ်။ အရင်ကတည်းက ကယ်ဆယ်ရေး လေကြောင်းလိုင်း (Relief Flight) တွေ ဖွင့်လှစ်ထားပြီး ယခုမြန်မာ နှစ်ဆန်း ၁ ရက်နေ့က စတင်ကာ နိုင်ငံတကာ ခရီးသည်တင် လေကြောင်းလိုင်း (Commercial Flight) တွေကို တိုးချဲ့ဖွင့်လှစ်ပေးတဲ့အတွက် လေကြောင်း ခရီးစဉ်နှစ်မျိုးနဲ့ ဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်။
ဒီလိုလမ်းကြောင်း နှစ်ခုအနက် တစ်ခုကို ရွေးချယ်ဝင်ရောက်ရမယ့် မြန်မာနိုင်ငံသား သို့မဟုတ် နိုင်ငံခြားသားခရီးသည်အနေနဲ့ သက်ဆိုင်ရာ လေယာဉ်ခရီးစဉ်အလိုက် မတူညီတဲ့ လိုအပ်ချက်တွေကို ပြည့်စုံစေအောင် ကြိုတင်စီစဉ်ရပါမယ်။
ယခုခရီးသည်တင်လေကြောင်းလိုင်းတွေ ဖွင့်လှစ်ထားချိန်ဖြစ်လို့ နိုင်ငံခြားသားခရီးသည်တွေ အနေနဲ့ ခရီးသည်တင်လေကြောင်းလိုင်း (Commercial Flight) တွေနဲ့ ဧပြီ ၂၁ ရက်ကစလို့ လိုက်ပါရမှာ ဖြစ်ပါတယ်။
ခရီးသည်တွေအနေနဲ့ လေယာဉ်လက်မှတ်ဝယ်ယူတဲ့အခါမှာ မိမိ လိုက်ပါစီးနင်းမယ့် လေယာဉ်က ကယ်ဆယ်ရေးလေယာဉ် (Relief Flight) သို့မဟုတ် ခရီးသည်တင်လေ ကြောင်းလိုင်း (Commercial Flight) ဖြစ်တယ်ဆိုတာကို သိရှိထားရမှာဖြစ်ပြီး လက်မှတ် ဝယ်ယူ တဲ့အခါမှာလည်း လွဲမှားမဝယ်ယူမိစေဖို့နဲ့ ခရီးစဉ်အလိုက် မတူညီတဲ့ ကျန်းမာရေး ဆိုင်ရာ လိုအပ်ချက်တွေကို အထူးသတိပြု ဆောင်ရွက် ထားရမှာဖြစ်ပါတယ်။ လေယာဉ် လက်မှတ်ရောင်း Agent တွေ အနေနဲ့ လက်မှတ်ဝယ်ယူသူတွေကို ကယ်ဆယ်ရေး လေယာဉ် သို့မဟုတ် ခရီးသည်တင်လေယာဉ်ခရီးစဉ်နဲ့ ပတ်သက်ပြီးကျန်းမာရေး ဆိုင်ရာ လိုအပ်ချက်တွေကို သဘောပေါက်နားလည်သည်အထိ ရှင်းပြ ရပါမယ်။ လေယာဉ်လက်မှတ် ရောင်းသူတွေနဲ့ လေကြောင်းလိုင်း တာဝန်ခံတွေက သတ်မှတ်ထားတဲ့ လုပ်ငန်းလမ်းညွှန် အတိုင်း ကိုယ်တိုင်သိရှိနားလည်ပြီး တာဝန်ခံမှု၊ တာဝန်ယူမှုရှိစွာနဲ့ စနစ်တကျလိုက်နာ ဆောင်ရွက် ရမှာ ဖြစ်ပါတယ်။
အခြေခံအနေနဲ့ Commercial Flight နဲ့ ဝင်ရောက်မယ်ဆိုရင် ကျန်းမာရေးအရ လိုအပ်တဲ့ စာရွက် စာတမ်းတွေ ပိုမိုစုံလင်ရမှာဖြစ်ပြီး လတ်တလောအနေနဲ့ ဟိုတယ်မှာ တစ်ရက်နေ ထိုင်ပြီး RT PCR တစ်ကြိမ် စစ်ဆေးရမှာဖြစ်ပါတယ်။ Relief Flight နဲ့ ဝင်ရောက်မယ် ဆိုရင် ကျန်းမာရေး ဆိုင်ရာ စာရွက်စာတမ်းတွေ အများကြီးပြသစရာ မလိုပေမယ့် လေယာဉ်ပေါ် မှာတင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရ နိုင်တဲ့အတွက် ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးသူတွေအနေနဲ့ ၅ ရက်၊ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံမှု မရရှိသူတွေအနေနဲ့ ၇ ရက် ကွာရန်တင်း ဝင်ရောက်ရမှာ ဖြစ်ပါတယ်။
ကြိုတင်သိရှိထားရမည့်အချက်များ
နိုင်ငံခြားသားခရီးသွားတွေအနေနဲ့ မြန်မာနိုင်ငံကို ဝင်ရောက်မယ် ဆိုရင် အရင်ဆုံးပြည်ဝင်ခွင့် ဗီဇာရရှိအောင် လျှောက်ထားရမှာ ဖြစ်ပါတယ်။ ပြည်ဝင်ခွင့်ဗီဇာအတွက် ဘယ်လိုလို အပ်ချက် တွေ ရှိတယ်။ Business Visa, E–visa လျှောက်ထားမှုတွေနဲ့ ပတ်သက်လို့ ဘယ်လိုဆောင်ရွက်နိုင်လဲ စတဲ့ဗီဇာဆိုင်ရာကိစ္စရပ်တွေကို လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ဝက်ဘ်ဆိုက် https://evisa.moip.gov.mm/ မှာ ဝင်ရောက်ကြည့်ရှု လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။
ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီး သက်သေခံလက်မှတ်လိုအပ် ပြည်သူ့ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်တွေအနေနဲ့ မြန်မာ နိုင်ငံသားနှင့် နိုင်ငံခြားသားခရီးသွားတွေ အားလုံးအတွက် မရှိမဖြစ်ပါရမယ့် စာရွက်စာတမ်းတွေထဲမှာ အမှတ်စဉ် (က) အနေနဲ့ ကျန်းမာရေး ဝန်ကြီး ဌာနက အသိအမှတ်ပြုထားတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတွေထဲက တစ်မျိုးမျိုးကို မြန်မာနိုင်ငံသို့ ဆိုက်ရောက် သည့်နေ့ရက် မတိုင်မီလွန်ခဲ့သော (၁၄) ရက်ကျော်က အကြိမ်ပြည့် ထိုးနှံပြီးကြောင်း သက်သေခံလက်မှတ် လိုအပ်ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနက အသိအမှတ်ပြုထားတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတွေက CoronaVac (Sinovac)၊ AstraZeneca သို့မဟုတ် Covishield, Pfizer-BioNTech, Janssen သို့မဟုတ် Johnson & Johnson, Moderna, Sinopharm, Sputnik V, Sputnik Light, Covaxin တို့အပြင် မြန်မာနိုင်ငံ၊ စက်မှုဝန်ကြီးဌာနက ပြန်လည် ထုပ်ပိုးထုတ်လုပ်တဲ့ Myancopharm ဖြစ်ပါတယ်။
ကာကွယ်ဆေးထိုးနှံပြီးကြောင်း လက်မှတ်ပါရှိရမယ်ဆိုတဲ့အချက် မှာ ကင်းလွတ်ခွင့်အနေနဲ့ အသက် ၆ နှစ်အောက် ကလေးတွေအနေနဲ့ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံထားတဲ့ မိဘ(သို့မဟုတ်) အုပ်ထိန်းသူ နဲ့အတူ ခရီးသွားခြင်းဖြစ်ပါက သတ်မှတ်ချက်မှ ကင်းလွတ်ခွင့်ပြု ပါတယ်။ နိုင်ငံတကာမှာ အသက် ၆ နှစ်အောက်ကို ကာကွယ်ဆေး ထိုးနှံတာက နည်းပါသေးတယ်။ သူတို့ကို ကာကွယ်ဆေးမထိုးနှံရသေး ပေမယ့် မိဘအုပ်ထိန်း သူနဲ့အတူဆိုရင် ဒီသတ်မှတ်ချက်က ကင်းလွတ် ခွင့်ပြုတာ ဖြစ်ပါတယ်။ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးကြောင်း သက်သေခံလက်မှတ်မှာ ထိုးနှံတဲ့ကာကွယ်ဆေးအမည်၊ ထိုးနှံတဲ့နိုင်ငံ နဲ့ ရက်စွဲတွေကို ခရီးသွားရဲ့ နိုင်ငံကူးလက်မှတ်ပါ အချက်အလက်တွေနဲ့ အတူ အင်္ဂလိပ်ဘာသာ သို့မဟုတ် မြန်မာဘာသာနဲ့ဖြစ်စေ၊ နှစ်မျိုး စလုံးနဲ့ဖြစ်စေ ရှင်းလင်းတိကျစွာ ဖော်ပြရမှာဖြစ်ပါတယ်။ ကာကွယ် ဆေးထိုးတဲ့နိုင်ငံက ထုတ်ပေးတဲ့လက်မှတ်ကို သူ့နိုင်ငံရဲ့ ဘာသာ စကားနဲ့ ရေးထားတာဖြစ်တဲ့အတွက် တာဝန်ရှိသူတွေအနေနဲ့ စစ်ဆေးရတာ ခက်ပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ဆိုရင် ပြန်လည် စစ်ဆေးရတာ လွယ်ပါတယ်။
RT PCR နည်းနဲ့ (၇၂)နာရီအတွင်း စစ်ဆေးထားတဲ့ ဓာတ်ခွဲအဖြေလိုအပ် အမှတ်စဉ် (ခ)အနေနဲ့ မြန်မာနိုင်ငံသားနဲ့ နိုင်ငံခြားသားခရီးသွား တွေအားလုံးအနေနဲ့ မြန်မာနိုင်ငံကို ဆိုက်ရောက်တဲ့ အချိန်မတိုင်မီ အများဆုံး (၇၂)နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကင်းရှင်းကြောင်း RT PCR နည်းနဲ့ စစ်ဆေးထုတ်ပေးထားတဲ့ ဓာတ်ခွဲအဖြေပါရပါမယ်။ ဒီအချက်မှာလည်း အသက်(၆) နှစ်အောက် ကလေးတွေကို ဒီသတ်မှတ် ချက်က ကင်းလွတ်ခွင့်ပြုပါတယ်။ ကိုဗစ်-၁၉ ရောဂါ ကင်းရှင်းကြောင်း RT PCR နည်းနဲ့ စစ်ဆေးထုတ်ပေးထားတဲ့ ဓာတ်ခွဲအဖြေနဲ့ စစ်ဆေးတဲ့ နေ့ရက်ကို ခရီးသွားရဲ့ နိုင်ငံကူးလက်မှတ်ပါ အချက်အလက်တွေနဲ့အတူ အင်္ဂလိပ်သာသာနဲ့ ရှင်းလင်းတိကျစွာ ဖော်ပြထားရပါမယ်။
ကျန်းမာရေး အာမခံလိုအပ်
အမှတ်စဉ်(ဂ)အနေနဲ့က နိုင်ငံခြားသားခရီးသွားတွေအနေနဲ့ မြန်မာ့အာမခံလုပ်ငန်းက ရောင်းချ တဲ့ ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေး ကိစ္စတွေ အကျုံးဝင်တဲ့ ကျန်းမာရေး အာမခံ ဝယ်ယူထားကြောင်း အထောက်အထားပါရမှာဖြစ်ပါတယ်။ ကျန်းမာရေးအာမခံ ဝယ်ယူ ခြင်းနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို မြန်မာ့အာမခံ လုပ်ငန်းရဲ့ အင်တာနက်ဝက်ဘ်ဆိုက်မှာ ကြည့်ရှုလေ့လာနိုင်ပါတယ်။
ကျန်းမာရေးကြေညာချက် (Health Declaration Form) ဖြည့်သွင်းရန် လိုအပ်
ဒီလို မရှိမဖြစ်ပါရမယ့် အထောက်အထားတွေကို နိုင်ငံတကာ ခရီးသည်တင် လေကြောင်း ခရီးစဉ်တွေနဲ့လိုက်ပါမယ့် ခရီးသည်တွေ အနေနဲ့ လေယာဉ်မစီးခင် တစ်ဖက်နိုင်ငံ လေဆိပ်ကောင်တာက လေကြောင်းလိုင်းဝန်ထမ်းတွေကို သေသေချာချာ ပြည့်ပြည့်စုံစုံ ပြသ ၍ စစ်ဆေးမှုခံယူရမှာဖြစ်ပါတယ်။ ဒီလိုပြထားလိုက်လို့ အဆင်ပြေရင် မြန်မာပြည် ရောက်တဲ့အခါမှာ ထပ်စစ်ရင်လည်း သိပ်ပြီး လွဲစရာမရှိ တော့ပါဘူး။ ဒီဘက်ရောက်ပြီးတော့မှ အထောက်အထားတွေကို စစ်တာတွေ မစုံလင်ရင် အခက်အခဲတွေဖြစ်မှာစိုးတဲ့အတွက် ဟိုဘက် မှာကတည်းက တစ်ခါတည်းပြသပြီး အစစ်အဆေးခံခဲ့ရမှာ ဖြစ်ပါတယ်။
လေယာဉ်ပေါ်မှာဖြစ်စေ၊ တစ်ဖက်နိုင်ငံက လေဆိပ်မှာ စောင့်ဆိုင်း နေစဉ်မှာဖြစ်စေ ကျန်းမာရေးကြေညာချက် (Health Declaration Form) ကို ကြိုတင်ဖြည့်သွင်း ထားရမှာဖြစ်ပြီး မြန်မာနိုင်ငံကို ဆိုက်ရောက်တဲ့အချိန်မှာ လိုအပ်တဲ့ အထောက်အထား တွေနဲ့အတူ ကျန်းမာရေးကြေညာချက်ကို သက်ဆိုင်ရာလေဆိပ်မှာရှိတဲ့ ကျန်းမာ ရေး အရာရှိတွေကို ပြသစစ်ဆေးခံရမှာဖြစ်ပါတယ်။ အထောက်အထား စာရွက်စာတမ်းတွေ မှာပါတဲ့ အချက်အလက်တွေကို မှန်မှန်ကန်ကန် ဖြည့်သွင်းရမှာ ဖြစ်ပါတယ်။ မှန်မှန်ကန်ကန်ဖြည့်သွင်းခြင်းမရှိရင် ဥပဒေကြောင်းအရ အရေးယူခြင်းခံရမှာ ဖြစ်ပါတယ်။
လေဆိပ်တွင် ကျန်းမာရေးစစ်ဆေးမှုခံယူရန်လိုအပ်
ခရီးသွားတွေအနေနဲ့ မြန်မာနိုင်ငံသို့ဆိုက်ရောက်ချိန်မှာ အရင်ဆုံး အနေနဲ့ သက်ဆိုင်ရာလေဆိပ် ကျန်းမာရေးအရာရှိတွေက ဆောင်ရွက်တဲ့ ကိုယ်အပူချိန်တိုင်းတာခြင်းနဲ့ လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးခြင်း၊ ပြည်သူ့ကျန်းမာရေးဆိုင်ရာ လိုအပ်တဲ့ စာရွက်စာတမ်းစစ်ဆေးမှုတွေ ကို ခံယူရမှာဖြစ်ပြီး လူဝင်မှုကြီးကြပ်ရေး၊ အကောက်ခွန်စတဲ့ ကောင်တာတွေမှာ လိုအပ်တဲ့ စစ်ဆေးအတည်ပြုမှုတွေ ခံယူရမှာ ဖြစ်ပါတယ်။
သီးသန့်မော်တော်ယာဉ်ဖြင့် သတ်မှတ်ဟိုတယ်သို့ ပို့ဆောင်ပေးမည်
ပြည်သူ့ကျန်းမာရေးဆိုင်ရာလုပ်ငန်းစဉ်အနေနဲ့ ခရီးသွားတွေကို လေဆိပ်ကနေပြီး သီးသန့်မော် တော်ယာဉ်နဲ့ သတ်မှတ်ထားတဲ့ ဟိုတယ်ကို ပို့ဆောင်ပေးမှာဖြစ်ပါတယ်။ အဲဒီဟိုတယ်မှာ တစ်ရက် နေထိုင်စောင့်ဆိုင်းပြီး RT PCR နည်းနဲ့ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးလို့ အဖြေက Negative ဖြစ်တော့မှ သက်ဆိုင်ရာဟိုတယ်ကနေ မိမိအလိုရှိရာကို ထွက်ခွာရ မှာဖြစ်ပါတယ်။ လေဆိပ်ကနေဟိုတယ်ကို သတ်မှတ်ထားတဲ့ သီးသန့် မော်တော်ယာဉ်နဲ့ ပို့ရမှာဖြစ်ပြီး ကိုယ်ပိုင် မော်တော်ယာဉ်တွေနဲ့ ပို့ဆောင်လို့မရပါဘူး။
ဒီနေရာမှာ လေဆိပ်ကနေ ဟိုတယ်ကို သီးသန့်မော်တော်ယာဉ်နဲ့ ပို့ရတဲ့အတွက် သယ်ယူပို့ ဆောင်စရိတ်၊ ဟိုတယ်မှာ RT PCR နည်းနဲ့ စစ်ဆေးရင် အဖြေရတဲ့အထိ တစ်ရက် စောင့်ဆိုင်းရင်း နေရတဲ့စရိတ်နဲ့ ကိုဗစ် - ၁၉ ရောဂါပိုး ရှိ/မရှိကို RT PCR နည်းနဲ့ စစ်ဆေးတဲ့အခါ ကုန်ကျစရိတ်တွေကို ခရီးသွားတွေက ကျခံရမှာဖြစ်ပါတယ်။ ဟိုတယ် တွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာနရဲ့ အင်တာနက်စာမျက်နှာကနေ ရရှိနိုင်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာလည်း ခရီးသွားတွေ အဆင် ပြေစေဖို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ ကောင်တာ ဖွင့်လှစ်ထားပါတယ်။ ခရီးသည်တင်လေကြောင်းလိုင်းတွေမှာ လိုက်ပါ လာတဲ့ နိုင်ငံ့ဝန်ထမ်း တွေအနေနဲ့ စစ်ဆေးမှုအတွက် ကုန်ကျစရိတ်ကို သီးသန့်အစီအစဉ်နဲ့ ဆောင်ရွက်ပေးမှာဖြစ်တဲ့ အ တွက် ကင်းလွတ် ခွင့်ရမှာဖြစ်ကြောင်း သိရှိရပါတယ်။
ဓာတ်ခွဲအဖြေကို ၂၄ နာရီအတွင်း ရရှိရေး စီစဉ်ဆောင်ရွက်ထား
သက်ဆိုင်ရာ ပုဂ္ဂလိကဓာတ်ခွဲမှုဆိုင်ရာဌာနတွေ၊ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာနနဲ့ Swab ယူမယ့်အဖွဲ့တွေ ကြိုတင် ညှိနှိုင်းထားရှိ၍ ဓာတ်ခွဲအဖြေကို ၂၄ နာရီအတွင်း ရရှိအောင် စီစဉ် ဆောင်ရွက်ထားတာဖြစ်ပါတယ်။ ခရီးသွားတွေအနေနဲ့ ဟိုတယ်မှာ အဖြေရရှိရေးစောင့်ဆိုင်းရာမှာ တစ်ရက်ထက်ပိုပြီး မကြာစေဖို့အတွက် Swab ယူမယ့် အဖွဲ့တွေက နေ့စဉ် ညနေ ၅ နာရီအထိ ဟိုတယ်တွေမှာ Swab ယူနိုင်ဖို့ တာဝန်ခွဲဝေချ ထားပေးပြီး ညနေ ၅ နာရီထက် နောက်ကျပြီးမှ ဝင်ရောက်လာတဲ့ လေယာဉ်တွေအတွက် သတ်မှတ် ဟိုတယ်တွေမှာ ညတွင်းချင်း Swab ယူနိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။
သက်ဆိုင်ရာ လေကြောင်းလိုင်းတာဝန်ရှိသူတွေအနေနဲ့ ခရီး သည်တွေ ဟိုတယ်မှာ Swab အဖြေစောင့်ဆိုင်းရက် တစ်ရက်ထက် မပိုစေရေး လေဆိပ်ကျန်းမာရေးဌာန၊ ရန်ကုန်တိုင်း ဒေသကြီး ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနနဲ့ ညပိုင်း Swab ယူပေးမယ့် အဖွဲ့တွေနဲ့ ကြိုတင်စီစဉ်ချိတ်ဆက်ထားရမှာ ဖြစ်ပါတယ်။ ပုဂ္ဂလိက ဓာတ်ခွဲစစ်ဆေးမှုဆိုင်ရာ ဌာနတွေအနေနဲ့ ဓာတ်ခွဲအဖြေတွေကို ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနထံပို့ပေးမှာဖြစ်ပြီး အဲဒီကတစ်ဆင့် ခရီးသည်စောင့်ဆိုင်းနေထိုင်ရာ ဟိုတယ်သို့ ကိုဗစ် - ၁၉ ကင်းရှင်းကြောင်း ထောက်ခံချက်ပို့ပေးမှာ ဖြစ်ပါတယ်။ ကိုဗစ် - ၁၉ ရောဂါ ကင်းရှင်းကြောင်း ထောက်ခံချက်ရပြီ ဆိုရင် ခရီးသည်အနေနဲ့ ဟိုတယ်ကနေ ထွက်ခွာနိုင်ပြီဖြစ်ပါတယ်။
ဒီလိုထွက်ခွာသွားချိန်မှာ ခရီးသွားတွေအနေနဲ့ မြန်မာနိုင်ငံမှာ နေထိုင်စဉ် ကိုဗစ် - ၁၉ ရောဂါ လက္ခဏာတွေ ပေါ်ပေါက်လာရင် နီးစပ်ရာကျန်းမာရေးဌာနကို သတင်းပေးပို့ရမှာ ဖြစ်ပါတယ်။ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေကို ဟိုတယ်တွေမှာ တောင်းယူ ရရှိနိုင်ပါတယ်။ အရေးပေါ်တုံ့ပြန် ဆောင်ရွက်ရေး (Rapid Response Team) တွေ၊ ကိုဗစ်-၁၉နဲ့ ပတ်သက်လို့ အွန်လိုင်းကနေ ဆက်သွယ် ဆွေးနွေးနိုင်မယ့် Tele-Consultation Program တွေရဲ့ ဖုန်းနံပါတ် တွေက အခုထိဖွင့်ထားတုန်းဖြစ်လို့ ၂၄ နာရီ ပိတ်ရက်မရှိ ဆက်သွယ် နိုင်ပါတယ်။
ဟိုတယ်တွင် စောင့်ဆိုင်းနေစဉ် ကိုဗစ်-၁၉ တွေ့ရှိပါက ဆောင်ရွက် နိုင်သည့်အစီအစဉ်
ဟိုတယ်မှာ စောင့်ဆိုင်းနေစဉ်ကာလမှာ ကိုဗစ်-၁၉ ရောဂါ လက္ခဏာတစ်ခုခု ပေါ်လာတယ်။ သို့မဟုတ် RT PCR နည်းနဲ့စစ်ဆေး ပြီး အဖြေက ပိုးရှိတယ်လို့ သိရတယ်ဆိုရင် ကျန်းမာရေးအစီအမံ တွေနဲ့အညီ ချက်ချင်းသီးခြားခွဲပြီးထားရှိပါမယ်။ ရောဂါပိုးရှိသူရဲ့ သဘောထား၊ ရောဂါရဲ့ပြင်းထန်နိုင်မှုအခြေအနေတွေကို တွက်ဆပြီး သတ်မှတ်ထားတဲ့ ဆေးရုံ သို့မဟုတ် ကုသရေးစင်တာ သို့မဟုတ် ကိုဗစ် - ၁၉ အတည်ပြုလူနာတွေထားတဲ့ ဟိုတယ်တွေမှာ ထားရှိ မလားဆိုတာကို ကာယကံရှင်ပုဂ္ဂိုလ်နဲ့တိုင်ပင်ပြီး သူ့ရဲ့ရောဂါ အခြေ အနေအရ လိုအပ်သလို လွှဲပြောင်းပို့ဆောင်ကုသပေးမှာဖြစ်ပါတယ်။ ဒီနေရာမှာ ကျန်းမာရေး အာမခံ ဝယ်ယူထားသူတွေအနေနဲ့ မိမိ ဝယ်ထားတဲ့ အာမခံအမျိုးအစားအလိုက် အကျုံးဝင်မှုရှိရင် ကုန်ကျ စရိတ်ကို ပြန်လည်တောင်းခံနိုင်မှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှထွက်ခွာမည့်သူများအတွက် ဆောင်ရွက်ပေးလျက်ရှိသည့်လုပ်ငန်းများ
မြန်မာနိုင်ငံမှာ ဆောင်ရွက်စရာရှိတဲ့ကိစ္စတွေကို ဆောင်ရွက်ပြီး နိုင်ငံတကာခရီးသည်တင် လေကြောင်း ခရီးစဉ်တွေနဲ့ ပြန်ထွက်မယ့် လူတွေအတွက် ဆောင်ရွက်ပေး လျက်ရှိရာမှာ ပြန်ထွက်မယ့်နိုင်ငံ၊ ခရီးတစ်ထောက်နား (Transit) ဝင်မယ့်နိုင်ငံရဲ့ လိုအပ်ချက်နဲ့အညီ ကိုဗစ် - ၁၉ ရောဂါ ဓာတ်ခွဲစစ်ဆေးမှုတွေ ကြိုတင်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဥပမာ - စင်ကာပူနိုင်ငံဆိုရင် ၄၈ နာရီအတွင်း ကိုဗစ်- ၁၉ မရှိကြောင်း RT PCR နဲ့ စစ်ဆေးတဲ့ အဖြေလိုတယ်ဆိုရင် ကျန်းမာ ရေးဝန်ကြီးဌာနက အသိအမှတ်ပြုထားတဲ့ ဓာတ်ခွဲခန်းတွေမှာ မိမိ စရိတ်နဲ့ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
ဒါ့အပြင် နိုင်ငံရပ်ခြားသို့သွားရောက်မယ့် မြန်မာနိုင်ငံသားတွေ အနေနဲ့ ပြည်တွင်းမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အကြိမ် ပြည့်ထိုးနှံပြီးပါက ထိုးနှံပြီးကြောင်း အင်္ဂလိပ်ဘာသာနဲ့ QR code ပါတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး Electronic မှတ်တမ်းကို ကျန်းမာရေး ဝန်ကြီးဌာနရဲ့ အင်တာနက်စာမျက်နှာဖြစ်တဲ့ c19vc.moh.gov.mm တွင် လျှောက်ထား ရယူလို့ရပါတယ်။
မြန်မာနိုင်ငံသို့ ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ် (Relief Flight)များနှင့် ဝင်ရောက်ရာတွင် ကြိုတင်သိရှိထားရမည့်အချက်များ
အထူးသဖြင့် မြန်မာနိုင်ငံသားတွေအနေနဲ့ ကာကွယ်ဆေးထိုး သက်သေခံလက်မှတ် မပြနိုင်တဲ့သူတွေ၊ ၇၂ နာရီအတွင်း RT PCR နည်းနဲ့ စစ်ဆေးထားတဲ့ Negative အဖြေ မပြနိုင်သူတွေအနေနဲ့ နိုင်ငံတကာခရီးသည်တင် လေကြောင်းလိုင်းတွေကနေတစ်ဆင့် ဝင်ရောက်ခြင်းကို လုံးဝခွင့်ပြုမှာမဟုတ်ဘဲ ကယ်ဆယ်ရေးလေယာဉ် Relief Flight ခရီးစဉ်တွေနဲ့ ဝင်ရောက်နိုင်မှာဖြစ်ပါတယ်။
မြန်မာနိုင်ငံသားတွေအနေနဲ့ သတ်မှတ်ထားတဲ့ ကျန်းမာရေး ဆိုင်ရာ အချက်အလက် တွေမပြည့်စုံဘူးဆိုရင် နိုင်ငံတကာခရီးသည် တင် လေကြောင်းလိုင်းတွေနဲ့ မလာဘဲ Relief Flight တွေနဲ့ ဝင်ရောက် သင့်ပါတယ်။ Relief Flight နဲ့ ဝင်ရောက်မယ်ဆိုရင် နိုင်ငံ့ဝန်ထမ်း တွေအပါအဝင် မြန်မာနိုင်ငံသားတွေ အားလုံးအတွက် RT PCR နည်းနဲ့ စစ်ဆေးတဲ့ ကုန်ကျစရိတ်ကို နိုင်ငံတော်က ကျခံပေးလျက်ရှိပါတယ်။
ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်များနှင့် ဝင်ရောက်လျှင် ကွာရန်တင်း မဖြစ်မနေလိုအပ်
ဒီနေရာမှာ ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ် Relief Flight နဲ့ဆိုရင် ကွာရန်တင်းက မဖြစ်မနေ လိုအပ်ချက်အနေနဲ့ဝင်ရမှာ ဖြစ်ပါတယ်။ အဲဒီ Relief Flight ပေါ်မှာ ကာကွယ်ဆေး ထိုးမထား သူလည်း ပါနိုင်တယ်။ ၇၂ နာရီအတွင်း RT PCR နည်းနဲ့ စစ်ဆေးမှု ခံယူမထားသူတွေကလည်း အများစုဖြစ်တယ်ဆိုတော့ ပိုးရှိသူ ပါလာရင် လေယာဉ်ပေါ်မှာတင်ပဲ ပိုးက ကူးသွားနိုင်တာ ဖြစ်ပါတယ်။ Relief Flight နဲ့ ဝင်လာတယ်ဆိုရင်လည်း ကွာရန်တင်းနဲ့ ပတ်သက်တဲ့ သတ်မှတ်ချက်တွေကို ယခင်တုန်းကနဲ့နှိုင်းယှဉ်ရင် ဖြေလျှော့ပေး ထားပြီး ဖြစ်ပါတယ်။
အရင်တုန်းက ကာကွယ်ဆေးမထိုးထားရင် ၁၀ ရက်၊ ဆေးထိုး ထားရင် ခုနစ်ရက်ဖြစ်ပြီး အခု ကာကွယ်ဆေးအကြိမ်ပြည့် ထိုးထားရင် ငါးရက်၊ အကြိမ်ပြည့်မထိုးထားဘူးဆိုရင် ခုနစ်ရက် နေရမှာဖြစ်ပါတယ်။ ငါးရက် ကွာရန်တင်းနေရမယ့်သူဆိုရင် တစ်ရက်မြောက်နေ့မှာ RDT နဲ့ လေးရက်မြောက်နေ့မှာ RT PCR သုံးပြီး ပိုးရှိ/ မရှိ စစ်ပါမယ်။ ကာကွယ်ဆေးအကြိမ်ပြည့် မထိုးထားသူအနေနဲ့ ကွာရန်တင်း ခုနစ်ရက်နေရမယ်ဆိုရင် တစ်ရက်မြောက်နေ့မှာ RDT နဲ့ ခြောက်ရက် မြောက်နေ့မှာ RT PCR နဲ့ ပိုးရှိ/မရှိ နှစ်ကြိမ်စစ်မှာ ဖြစ်ပါတယ်။ အဲဒီလို ပိုးနှစ်ကြိမ်စစ်ပြီး ပိုးမရှိရင် ကွာရန်တင်းကထွက်ပြီး အလိုရှိရာ ခရီးဆက်နိုင်ပြီ ဖြစ်ပါတယ်။
ကွာရန်တင်းဝင်ရောက်နေစဉ်မှာ ဓာတ်ခွဲစစ်ဆေးမှုတွေအရ ကိုဗစ်-၁၉ ရောဂါပိုးရှိတယ်လို့ သိရတယ်ဆိုရင် ရောဂါရဲ့ ပြင်းထန် နိုင်မှု အခြေအနေတွေကို တွက်ဆပြီး အထက်မှာတင်ပြခဲ့တဲ့အတိုင်း သတ်မှတ်ထားတဲ့ဆေးရုံ သို့မဟုတ် ကုသရေးစင်တာ၊ သို့မဟုတ် ကိုဗစ် - ၁၉ အတည်ပြုလူနာတွေထားတဲ့ ဟိုတယ်တွေမှာ ထားရှိ မလားဆိုတာကို ကာယကံရှင်ပုဂ္ဂိုလ်နဲ့တိုင်ပင်ပြီး လိုအပ်သလို လွှဲပြောင်းပို့ဆောင်ကုသပေးမှာ ဖြစ်ပါတယ်။
နိုင်ငံတကာခရီးသည်များ Transit ခရီးတစ်ထောက် ရပ်နားခြင်းကို ခွင့်ပြုခြင်းမရှိသေး
ကနဦးအနေနဲ့ နိုင်ငံတကာခရီးသည်တင် လေကြောင်းခရီးစဉ် တွေ Commercial Flight တွေအနေနဲ့ မြန်မာနိုင်ငံကို ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကသာ ဝင်ရောက်ရဦးမှာ ဖြစ်ပါတယ်။ နိုင်ငံတကာခရီးသွားတွေကို မြန်မာနိုင်ငံမှာ Transit ခရီးတစ်ထောက် ရပ်နားခြင်းကို လတ်တလောအနေနဲ့ ခွင့်ပြုခြင်း မရှိသေးပါဘူး။
မြန်မာနိုင်ငံမှာ ခရီးတစ်ထောက်ရပ်နားရန်လိုအပ်တဲ့ နိုင်ငံခြား လေယာဉ်အမှုထမ်းတွေ ခရီးတစ်ထောက်ရပ်နားမယ်။ Crew လဲမယ် စသည်ဖြင့် ရှိမယ်ဆိုရင်လည်း ၎င်းတို့၏ နောက်တစ်ကြိမ် လေယာဉ် ခရီးစဉ် မတိုင်မီအထိ သတ်မှတ်ထားတဲ့ ဟိုတယ်မှာသာ အခြားသူ တွေနဲ့ ထိတွေ့မှုမရှိဘဲ သက်ဆိုင်ရာကျန်းမာရေး အစီအမံတွေနဲ့အညီ သီးခြားနေထိုင် ရမှာဖြစ်ပါတယ်။
သတ်မှတ်ချက်များမှ ကင်းလွတ်ခွင့်တင်ပြတောင်းခံနိုင်မည့်အခြေအနေ
နိုင်ငံတကာက လေကြောင်းခရီးနဲ့ဝင်ရောက်ရာမှာ အထက်မှာ တင်ပြခဲ့တဲ့ သတ်မှတ်ချက် တွေကို ကင်းလွတ်ခွင့်တောင်းခံနိုင်တဲ့ အခြေအနေတစ်ရပ်ရှိပါတယ်။ ဒါကတော့ မြန်မာနိုင်ငံကို နိုင်ငံတော် အဆင့်လေယာဉ်ခရီးစဉ် (state flight)တွေ လာရောက်တာ၊ သို့မဟုတ် သီးသန့် လေယာဉ်ခရီးစဉ်နဲ့ လာရောက်တဲ့ နိုင်ငံတော်အဆင့် ဧည့်သည်တော်တွေ၊ နိုင်ငံခြား ကိုယ်စား လှယ်တော်တွေအနေနဲ့ ဆိုက်ရောက်မယ့် နေ့ရက်မတိုင်မီ အလုပ်လုပ်ရက် အနည်းဆုံး ငါးရက်ကြိုတင်ပြီး ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ကုသရေး ဗဟို ကော်မတီ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ကျန်းမာရေးဝန်ကြီးဌာနကို တင်ပြ၍ ကင်းလွတ်ခွင့်တောင်း ခံနိုင်ပါတယ်။
သတ်မှတ်ချက်များကို ထပ်မံဖြေလျှော့ပေးရန် စောင့်ကြည့်လျက်ရှိ
အခုလို နိုင်ငံတကာခရီးသည်တင်လေကြောင်းလိုင်းတွေနဲ့ ဟိုတယ်မှာ တစ်ရက်ထားပြီး RT PCR နည်းနဲ့ စစ်ဆေးဖို့ ဆောင်ရွက် ထားတဲ့ကိစ္စတွေက လတ်တလော ကမ္ဘာတစ်ဝန်း ရောဂါကူးစက်မှု အခြေအနေ၊ ဒေသတွင်းနဲ့ အိမ်နီးချင်းနိုင်ငံအချို့မှာ ရောဂါကူးစက် မှု မြင့်မားနေတဲ့ နိုင်ငံတွေရှိနေတဲ့အခြေအနေတွေအရ ဆောင်ရွက် ထားခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှုန်းတွေ ကျဆင်းလာခြင်း၊ နိုင်ငံတကာလေကြောင်းလိုင်းတွေနဲ့ ဝင်ရောက်လာတဲ့ ခရီးသည် တွေမှာ ၇၂ နာရီအတွင်း RT PCR နည်းနဲ့ စစ်ဆေးထားတဲ့ အဖြေက လည်း ပါလာပြီးဖြစ်တဲ့အတွက် ထပ်မံစစ်ဆေးတဲ့အခါမှာ ရောဂါပိုး တွေ့ရှိရမှု အလွန်နည်းပါးခြင်းနဲ့ ပြည်တွင်းကာကွယ်ဆေးလွှမ်းခြုံမှု မြင့်မားလာခြင်းစတဲ့ အချက်တွေပေါ်မူတည်ပြီး ထပ်မံဖြေလျှော့မှု တွေ ရှိလာမှာဖြစ်ပါတယ်။
ရောဂါဖြစ်ပွားမှု အခြေအနေ၊ ရောဂါဝင်ရောက်ကူးစက်မှုကို ထိရောက်စွာတားဆီးနိုင်မှု၊ နိုင်ငံတကာ ခရီးသည်တင် လေကြောင်း လိုင်းတွေ၊ လေယာဉ်စီးခရီးသည်တွေ၊ ဟိုတယ်တွေ၊ ခရီးသည်သယ်ယူ ပို့ဆောင်ပေးသူတွေ၊ ပုဂ္ဂလိကဓာတ်ခွဲမှုဆိုင်ရာဌာနတွေ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာအဖွဲ့အစည်းတွေစတဲ့ ပါဝင်ပတ်သက်သူတွေအားလုံးက သတ်မှတ် ထားတဲ့ စည်းမျဉ်းစည်းကမ်းများနှင်အညီ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်နိုင်မှုနဲ့ လုပ်ငန်းစဉ်ကြီး တစ်ခုလုံးကို အောင်မြင် စွာ စနစ်တကျစီမံခန့်ခွဲဆောင်ရွက်နိုင်မှုအပေါ် မူတည်၍ အခု သတ်မှတ်ချက်တွေကို ထပ်မံဖြေလျှော့ပေးသွားမယ့် အစီအစဉ်တွေ ကို စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း အသိပေးတင်ပြအပ်ပါတယ်။
ကျေးဇူးတင်ပါတယ်။ ။