နေပြည်တော် ဧပြီ ၂၀
“AHA Centre မှ တစ်ဆင့် လှူဒါန်းမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီစီမံခန့်ခွဲရေးဆိုင်ရာ မြန်မာလုပ်ငန်းအဖွဲ့ (Task Force)” အဖွဲ့ဝင်များ ဖြစ်ကြသည့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ ကျန်းမာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်တို့သည် ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် ရုံးအဖွဲ့ခေါင်းဆောင် H.E. Dr. KUNG Phoak ဦးဆောင်သည့် ကမ္ဘောဒီးယားကိုယ်စားလှယ်အဖွဲ့နှင့် ယနေ့တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံဆွေးနွေးသည်။
အစည်းအဝေးသို့ လုပ်ငန်းအဖွဲ့၊ အဖွဲ့ဝင်ဖြစ်သည့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေး၊ အတွင်းရေးမှူးများဖြစ်ကြသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ ကိုကိုနိုင်၊ ကျန်းမာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိန်ဝင်းနှင့် လုပ်ငန်း အဖွဲ့၊ အဖွဲ့ဝင်များ တက်ရောက်ကြသည်။
အစည်းအဝေး၌ မြန်မာနိုင်ငံသို့ AHA Centre မှတစ်ဆင့် လူသားချင်းစာနာထောက် ထားမှု အကူအညီများ ပထမအဆင့်အကောင်အထည်ဖော်ဆောင်မှုအပေါ် ပြန်လည်သုံး သပ် ဆွေးနွေးကြသည်။ အစည်းအဝေး၌ ကျန်းမာရေးဝန်ကြီးဌာနမှ မြန်မာနိုင်ငံ အနှံ့အပြားသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပံ့ပိုးပေးခြင်းနှင့် ပတ်သက်၍ ဖြစ်ပေါ်တိုးတက်မှုများကို ဆွေးနွေးသည်။ လုပ်ငန်းအဖွဲ့၊ အဖွဲ့ဝင်များသည် လက်ဝယ် ရရှိပြီးဖြစ်သည့် လူသားချင်းစာနာ ထောက်ထားမှုအကူအညီများကို အမှန်တကယ် လိုအပ်နေသည့် ပြည်သူများထံသို့ ထိရောက်စွာ ပေပို့နိုင်ရေး ကူညီဆောင်ရွက်ပေးရန် ထပ်လောင်းအတည်ပြုကြသည်။
ထို့ပြင် ကမ္ဘောဒီးယားနိုင်ငံမှ အဆိုပြုသည့် အချက်များအပါအဝင် ဒုတိယအဆင့် လူသားချင်း စာနာထောက်ထားမှုအကူအညီများအတွက် ပြင်ဆင်မှုများအပေါ် နှစ်ဖက် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနမှ ဒုတိယအဆင့်အတွက် မြန်မာအစိုးရ၏ အစီအစဉ်များနှင့် လုပ်ငန်းအကောင် အထည်ဖော်ဆောင်ရန်အတွက် သတ်မှတ်လုပ်ထုံး လုပ်နည်းများအပေါ် ဆွေးနွေးခဲ့သည်။ အစည်းအဝေး၌ ဒုတိယအဆင့် လုပ်ငန်းအကောင် အထည်ဖော်ဆောင် ရန်အတွက် နည်းလမ်းများအပေါ် ဆွေးနွေးခဲ့ကြပြီး မြန်မာဖက် လုပ်ငန်းအဖွဲ့၊ အဖွဲ့ဝင် များမှ လူသားချင်းစာနာထောက် ထားမှုအကူအညီများကို အမှန်တကယ်လိုအပ်နေသူ များထံသို့ ဖြန့်ဝေရာတွင် မြန်မာနိုင်ငံ၏ ပြည်တွင်းမူဝါဒ လုပ်ထုံးလုပ်နည်းများနှင့်အညီ အကူအညီလိုအပ်နေသူများအား ခွဲခြားမှုမရှိဘဲ မျှတစွာဖြန့်ဝေရန် မြန်မာနိုင်ငံ၏ ခိုင်မာသောဆန္ဒနှင့် အဆင်သင့်ဖြစ်မှုတို့ကို ထပ်လောင်း ပြောကြားခဲ့သည်။
ညပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ် သည် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ကမ္ဘောဒီးယားနိုင်ငံ၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စား လှယ်ရုံးအဖွဲ့ခေါင်းဆောင် H.E. Dr. KUNG Phoak ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား နေပြည်တော်ရှိ M-Gallery ဟိုတယ်၌ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
(သတင်းစဉ်)