နေပြည်တော် ဧပြီ ၁၉
အိန္ဒိယအစိုးရက မြန်မာနိုင်ငံသို့ လူသားချင်း စာနာထောက်ထားမှု အထောက်အပံ့အဖြစ် လှူဒါန်းသော ဆန်နှင့်ဂျုံတန်ချိန် ၈၀၀၀ ခန့်အား ထားရှိမည့် ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်ရှိ အေးရှားဝေါလ် ဆိပ်ကမ်းနှင့် မြန်မာ့စက်မှုဆိပ်ကမ်းတို့တွင် အဆင်ပြေစွာ ထုတ်ယူနိုင်ရေး ဆောင်ရွက်ထားရှိမှုများကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ဆန်နှင့်ဂျုံများ ဖြန့်ဝေနိုင်ရေးစည်းဝေး
ယင်းနောက် အိန္ဒိယအစိုးရက မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့ အဖြစ် လှူဒါန်းသော ဆန်နှင့်ဂျုံများကို မြို့နယ် ၁၁ မြို့နယ်သို့ ဖြန့်ဝေနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အမှာစကားများ ပြောကြားကြသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆွေးနွေးတင်ပြကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းကာ နိဂုံးချုပ် အမှာစကား ပြောကြားသည်။
ညှိနှိုင်းဆွေးနွေး
ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများအား Video Conferencing စနစ်ဖြင့် အိန္ဒိယအစိုးရက မြန်မာနိုင်ငံသို့ လူသားချင်း စာနာထောက်ထားမှု အထောက်အပံ့အဖြစ် လှူဒါန်းသော ဆန်နှင့် ဂျုံတန်ချိန် ၈၀၀၀ ခန့်အား မြို့နယ် ၁၁ မြို့နယ်ရှိ ပြည်သူများထံသို့ စနစ်တကျ ရောက်ရှိစေရေး ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်