နေပြည်တော် မတ် ၂၅
၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော်၊ နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့် ဆပ်ကော်မတီ များ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့တွင် နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ မဟာသင်္ကြန်ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာမောင်မောင်နိုင် တက်ရောက်အမှာစကား ပြောကြားသည်။
အဆိုပါ အစည်းအဝေးသို့ မဟာသင်္ကြန်ကျင်းပရေး ဦးစီးကော်မတီဝင်များဖြစ်ကြသည့် နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနကြီးမှူးများ၊ ဌာနမှူးများ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်က အတာသင်္ကြန်ပွဲတော်ကာလအတွင်း အများပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ပျော်ရွှင်ချမ်းမြေ့စွာဖြင့် စိတ်အပန်းဖြေနိုင်စေရန်အတွက် စည်ကားသိုက်မြိုက်စွာဖြင့် အောင်အောင်မြင်မြင် ကျင်းပနိုင်ရေး စုပေါင်းဆောင်ရွက်ပေးကြရန်နှင့် လုံခြုံရေး လစ်ဟင်းမှုမရှိစေရေး အလေးထား ဆောင်ရွက်ကြရန်တို့ကို မှာကြားသည်။
ထို့နောက် မဟာသင်္ကြန်ကျင်းပရေး ဦးစီးကော်မတီအတွင်းရေးမှူး၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ဦးစီးကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ထားရှိမှုကို ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ လုံခြုံရေးဆပ်ကော်မတီ၊ အခမ်းအနားပြင်ဆင်ရေး၊ ရေရရှိရေးနှင့် ရေပက်ကစားရေး ဆပ်ကော်မတီ၊ ဖျော်ဖြေရေးနှင့် ပြန်ကြားရေးဆပ်ကော်မတီ၊ ကျန်းမာရေးနှင့် သန့်ရှင်းရေး ဆပ်ကော်မတီ၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေး ဆပ်ကော်မတီ၊ သယ်ယူပို့ဆောင်ရေး ဆပ်ကော်မတီ၊ ဘဏ္ဍာရေး ဆပ်ကော်မတီနှင့် ဧည့်ခံကျွေးမွေးရေး ဆပ်ကော်မတီတို့မှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က ယခင်နှစ် အတာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေး ဆောင်ရွက်ခဲ့မှု၊ ယခုနှစ်ဆောင်ရွက်မည့်အစီအစဉ်များနှင့် လက်ရှိဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် မဟာသင်္ကြန်ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်