ရန်ကုန် မတ် ၂၃
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ အုပ်ချုပ်ရေး ဗဟိုအဖွဲ့ ၁/၂၀၂၂ အစည်းအဝေးကို ယနေ့နံနက် ၈ နာရီက ရန်ကုန်မြို့၊ ကမ္ဘာအေး ကုန်းမြေ၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယဥက္ကဌဆရာတော်၊ သာသနာ့ တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့ ဥက္ကဌ ဆရာတော် အဂ္ဂမဟာပဏ္ဍိတဒေါက်တာ ဘဒ္ဒန္တ စန္ဒနသာရက ရန်ကုန်နှင့် မန္တလေးရှိ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်ကြီးများ တည်ထောင် ဖွင့်လှစ်ခဲ့သည်မှာ နှစ်ပေါင်း ၃၅ နှစ်ရှိပြီး ယနေ့အထိ ရှင်သန်ရပ်တည် တိုးတက် နေခြင်းမှာ ဆရာဒကာ ဘက်နှစ်ခုလုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၏ မိမိကျရာတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြ၍ ဖြစ်ပါကြောင်း၊ မိဘ ဆရာသမားတို့၏ အဆုံးအမဩဝါဒကို ခံယူနိုင်ခွင့် ရကြသည့် သားသမီးတပည့်တို့သာ လူ့လောကအလယ်၌ မျက်နှာမငယ် တင့်တင့်တယ်တယ် နေနိုင်သကဲ့သို့ ယခုတက္ကသိုလ်ကြီးများသည်လည်း ဆရာနှင့်တူသည့် သံဃာတော်အရှင် မြတ်များ၊ မိဘနှင့်တူသည့် ဒကာများ၏ ဓမ္မဝိနယနှင့်လျော်ညီသည့် အဆုံးအမအထောက် အပံ့များကို ခံယူရရှိနေကြ၍သာ ယခုလိုအခြေအနေအထိ ရပ်တည်ရှင်သန်နေနိုင်ကြခြင်း ဖြစ်ပါ ကြောင်း၊ တက္ကသိုလ်ကြီးများ၏ ရည်မှန်းဦးတည်ချက်ထဲ၌ အကျင့်သိက္ခာမြင့်မားစေခြင်းကို အလေးပေးဖော်ပြထားသလို လက်တွေ့လိုက်နာကျင့်သုံးမှုအပိုင်းမှာလည်း မချို့ယွင်းကြစေရန် အထူးကြပ်မတ် ဆောင်ရွက်သင့်ပါကြောင်း၊ “ပညာရှိ သတိဖြစ်ခဲမို့” သတိပေး တိုက်တွန်ပါကြောင်း ဩဝါဒကထာ မြွက်ကြားသည်။
ယင်းနောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးထွန်းက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
ဆက်လက်၍ တက္ကသိုလ်များအုပ်ချုပ်ရေးဗဟိုအဖွဲ့ အတွင်းရေးမှူး သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က တက္ကသိုလ်များ အုပ်ချုပ်ရေး ဗဟိုအဖွဲ့၏ (၁/၂၀၂၁) အစည်းအဝေး ဆုံးဖြတ်ချက်များနှင့်စပ်လျဉ်းသည့် ဆောင်ရွက်ချက်များကိုလည်း ကောင်း၊ တက္ကသိုလ်များ ဗဟိုပညာရေးအဖွဲ့ ၁/၂၀၂၂ အစည်းအဝေး တင်ပြချက်များကိုလည်း ကောင်း လျှောက်ထားသည်။
ထို့နောက် တက်ရောက်လာသည့် ဆရာတော်များနှင့် ပညာရှင်လူပုဂ္ဂိုလ်များက တက္ကသိုလ် များအုပ်ချုပ်ရေးဗဟိုအဖွဲ့ (၁/၂၀၂၂)နှင့် ပတ်သက်သည့် ကိစ္စရပ်များကို ဆွေးနွေး၍ ဆုံးဖြတ်ချက်(၄) ရပ်ကို ချမှတ်အတည်ပြုခဲ့ပြီး သဘာပတိဆရာတော်က နိဂုံးချုပ်ဩဝါဒကထာ မြွက်ကြားသည်။
ယင်းနောက် အစည်းအဝေးကို “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” (၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းပြီး အစည်းဝေးသို့ တက်ရောက်လာသည့် ဆရာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
(သတင်းစဉ်)