သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ဥပဒေနှင့်အညီ အမျိုးသားဥယျာဉ်များနှင့် ကြိုးပြင်ကာကွယ်တောများကို သတ်မှတ်ကြေညာ လျက်ရှိသည်။ မိမိတို့နိုင်ငံသည် အရှေ့တောင်အာရှကုန်းမကြီးတွင် အကြီးဆုံးနိုင်ငံဖြစ်ပြီး သစ်တောသယံဇာတကြွယ်ဝခြင်းနှင့်အတူ အပင်မျိုးစိတ်များစွာ၊ ဇီဝမျိုးစုံ မျိုးကွဲများစွာတို့လည်း ရှင်သန်တည်ရှိသည်။ မြန်မာနိုင်ငံ နယ်နိမိတ် စုစုပေါင်း၏ရာခိုင်နှုန်း ၈၀ကျော်သည် ရေဝေရေလဲဧရိယာအတွင်း ကျရောက်လျက်ရှိရာ နိုင်ငံတစ်ဝန်း တွင် တည်ရှိနေသည့် အဓိကမြစ်ချောင်းများနှင့် ဆည်များ၊ တာတမံများ၏ရေဝေရေလဲဒေသများတွင် သဘာဝပတ်ဝန်းကျင် မပျက်စီးအောင် ထိန်းသိမ်းမှုများကို စဉ်ဆက်မပြတ်ပြုလုပ်သွားရမည်ဖြစ်သည်။
အမြဲတမ်းသစ်တော်နယ်မြေ (Permanent Forest EstatePFE) တွင် ကြိုးဝိုင်းသစ်တော၊ ကြိုးပြင်ကာကွယ်တောနှင့် သဘာဝကာကွယ်စောင့်ရှောက်ထိန်းသိမ်း ရေးနယ်မြေဟူ၍ အမျိုးအစား သုံးမျိုး ပါဝင်ပြီး နိုင်ငံနယ်နိမိတ်စုစုပေါင်း၏ ၃၁ ဒသမ ၁ ရာခိုင်နှုန်း ရှိသည်။ ၁၉၉၅ ခုနှစ် သစ်တောမူဝါဒအရ အမြဲတမ်း သစ်တောနယ်မြေဧရိယာကို ၃၅ ရာခိုင်နှုန်းအထိ တိုးချဲ့ရန် ဆောင်ရွက်လျက်ရှိသော်လည်း တစ်ဖက်တွင် သစ်တောနယ်မြေများ တစ်စထက်တစ်စ လျော့နည်းပျောက်ကွယ်လျက်ရှိသည်။ သစ်တောပြုန်းတီးခြင်း၊ သစ်တောအတန်းအစားကျဆင်းခြင်း တို့နှင့်စပ်လျဉ်း၍ အလွန်အကျွံ သစ်ထုတ်ယူခြင်း၊ သစ်တောနယ်မြေများအတွင်း ဝင်ရောက်ကာ သတ္တုတူးဖော်ခြင်း၊ သီးနှံ စိုက်ခင်းများ စိုက်ပျိုးခြင်း၊ လူများဝင်ရောက်နေထိုင်ခြင်းတို့အပြင် သစ်တောမြေနှင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ တွင် လုပ်ပိုင်ခွင့် ခွင့်ပြုချက်များ ရယူလုပ်ကိုင်နေမှုများမှာလည်း ဧကပေါင်း သန်းနှင့်ချီ၍ ရှိနေသည်။ မြန်မာနိုင်ငံ သစ်တောဖုံးလွှမ်းမှု ဧရိယာကျဆင်းသည့် အခြေအနေသည် ၂၀၁၃-၂၀၁၄ ဘဏ္ဍာ နှစ်တွင် ၄၄ ဒသမ ၅၄ ရာခိုင်နှုန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၄၃ ဒသမ ၇၃ ရာခိုင်နှုန်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၄၂ ဒသမ ၉၂ ရာခိုင်နှုန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ၄၂ ဒသမ ၁၁ ရာခိုင်နှုန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ၄၀ ဒသမ ၃ဝ ရာခိုင်နှုန်းအထိ နှစ်အလိုက် ကျဆင်းခဲ့သည်ဟု သိရသည်။
အမျိုးသားသစ်တောကဏ္ဍ နှစ် ၃၀ ပင်မစီမံကိန်းအရ သစ်တောကြိုးဝိုင်းနှင့် ကြိုးပြင်ကာကွယ်တောကို နိုင်ငံ့အကျယ် အဝန်း၏ ရာခိုင်နှုန်း ၃၀ နှင့် သဘာဝကာကွယ်စောင့်ရှောက် ထိန်းသိမ်းရေးနယ်မြေကို နိုင်ငံ့အကျယ်အဝန်း၏ ၁၀ ရာခိုင်နှုန်း အထိ တိုးတက်ရန်ဆောင်ရွက်လျက်ရှိသည်။ ကြိုးပြင်ကာကွယ်
တောများ သတ်မှတ်ရာတွင် ရေမြေထိန်းသိမ်းကာကွယ်ခြင်း၊ ရာသီဥတုညီညွတ်မျှတစေခြင်း၊ မြေဆီမြေသားကောင်းမွန်ခြင်း၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ခြင်း စသည့်လိုအပ်ချက်ကို သဘာဝ သစ်တောများကသာ အထိရောက်ဆုံး ဖြည့်ဆည်းပေးနိုင်မည် ဖြစ်သဖြင့် သဘာဝတောများကို အဓွန့်ရှည်စွာ တည်တံ့ဖွံ့ဖြိုး စေရန်ရည်ရွယ်ခြင်းဖြစ်ရာ ဒေသခံပြည်သူများ သိရှိနားလည် သဘောပေါက်စေရန် လိုအပ်သည်။
သစ်တောနယ်မြေများ လျော့နည်းကျဆင်းရခြင်းသည် သဘာဝတရားကြောင့်မဟုတ်ဘဲ လူတို့ကြောင့်သာဖြစ်သည်။ တရားဥပဒေစိုးမိုးမှုမရှိခြင်း၊ စီမံခန့်ခွဲမှု အားနည်းခြင်း၊ ဒေသခံပြည်သူများ မသိနားမ လည်ခြင်း၊ အဂတိလိုက်စားခြင်း စသည့် အခြေခံအကြောင်းရင်းများပေါင်းစုံ၍ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ရာ သစ်တောနယ်မြေများသတ်မှတ်၍ သစ်တောများ ပြန်လည်ထူထောင်မှုတို့ သမင်မွေးရင်း ကျားစားရင်း မဖြစ်ရလေအောင် သစ်တောများပြုန်းတီး၍ သစ်တောနယ်မြေများ ကွယ်ပျောက်ရခြင်း၏ အခြေခံ အကြောင်းတရားတို့ကို ပယ်ရှားနိုင်ပါစေကြောင်း။ ။
မြန်မာ့အလင်း အယ်ဒီတာ့အာဘော်