Skip to main content

နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် မတ် ၁၁

မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့် လျှောက်ထားသူများနှင့် ပတ်သက်၍ နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်း (Permanent Residence System-PR System) ဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် ဗဟိုကော်မတီမှ စိစစ်အတည်ပြုပြီးသူများအား လူတွေ့မေးမြန်း အကဲဖြတ်ခြင်းကို ယနေ့နံနက် ၁၁ နာရီက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဒုတိယဝန်ကြီး ဌေးလှိုင်၊ ဗဟိုကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက မြန်မာနိုင်ငံတွင် တည်ဆဲဥပဒေအရ နိုင်ငံသားတစ်ဦးသည် တစ်ချိန်တည်းတွင် နှစ်နိုင်ငံ၏ နိုင်ငံသားအဖြစ် ခံယူခွင့်ပြုထားခြင်း မရှိသော်လည်း နိုင်ငံတော်၏ အကျိုး၊ အခြားနိုင်ငံသား ခံယူထားသည့် မြန်မာနိုင်ငံသားဟောင်းများ၏ အကျိုးအတွက် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ကို ၂၀၁၂ ခုနှစ်မှစတင်ကာ မိမိတို့နိုင်ငံနှင့် ကိုက်ညီမည့်စနစ်ဖြစ်စေရေး ကျယ်ကျယ်ပြန့်ပြန့် လေ့လာဆောင်ရွက်ခဲ့ကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင်လည်း နိုင်ငံတော်လုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွား မထိခိုက်စေရေး၊ ပြည်တွင်းရှိ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ပြိုကွဲပျက်စီးမှု မရှိစေရေးအတွက် အဘက်ဘက်မှ စဉ်းစားသုံးသပ်ကာ အဆင့်ဆင့် တင်ပြဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း။

နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ်ကို ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၂၉ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ ၂၀၂၂ ခုနှစ် မတ် ၁၀ ရက်အထိ လျှောက်ထားသူနှင့် မိသားစုအပါအဝင် စုစုပေါင်း ၇၁၇ ဦးရှိပြီး ပြည်ထောင်စု အစိုးရအဖွဲ့ရုံးမှ အတည်ပြုခွင့်ပြုပေးပြီးသူ မိသားစု အပါအဝင် ၆၁၇ ဦးရှိပြီဖြစ်ကြောင်း၊ ယင်းလုပ်ငန်းစဉ်အား PR နည်းဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လျှောက်ထားသူများအနက် PR နည်းဥပဒေအရ ငြင်းပယ်ခဲ့သူ ခုနစ်ဦး၊ လျှောက်ထားခြင်းအား ပြန်လည်ပယ်ဖျက်သူ တစ်ဦး၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေအရ လေကြောင်းလိုင်းများ ပိတ်ထားခြင်းကြောင့် ဗဟိုကော်မတီမှ လူတွေ့စစ်ဆေးအကဲဖြတ်ရန် ကျန်ရှိသူမိသားစုများ အပါအဝင် ၈၁ ဦး၊ ထပ်မံလျှောက်ထားသော်လည်း လုပ်ငန်းကော်မတီနှင့် ဗဟိုကော်မတီတို့မှ မစိစစ်ရသေးသူ မိသားစုအပါအဝင် ၁၁ ဦးရှိကြောင်း၊ ယခု အစည်းအဝေးတွင် ယခင်အစိုးရလက်ထက်က လုပ်ငန်းကော်မတီနှင့် ဗဟိုကော်မတီတို့မှ အဆင့်ဆင့်စိစစ်ထားပြီး ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် ဗဟိုကော်မတီမှ လူတွေ့စစ်ဆေးအကဲဖြတ်ရန် ကျန်ရှိသည့် မိသားစုအပါအဝင် စုစုပေါင်း ၈၁ ဦးအနက် ပြည်တွင်း၌ လက်ရှိရောက်ရှိနေသည့် မိသားစုဝင်အပါအဝင် စုစုပေါင်း ၃၀ ကို လူတွေ့စစ်ဆေးအကဲဖြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

ပြည်ပတွင်ရောက်ရှိနေသဖြင့် ကျန်ရှိသည့် မိသားစုအပါအဝင် ၅၁ ဦးကိုလည်း လေကြောင်းလိုင်းများ ပြန်လည်ဖွင့်လှစ်ပြီး အဆင်ပြေမည့်အချိန်တွင် လူတွေ့စစ်ဆေးခြင်းကို ဆက်လက်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံတွင် ရောက်ရှိနေသည့် မိသားစုဝင်အပါအဝင် စုစုပေါင်း ၃၀ ကို ကော်မတီဝင်များမှ လူတွေ့မေးမြန်း အကဲဖြတ်ပေးကြပါရန်နှင့် ဗဟိုကော်မတီမှ လူတွေ့အကဲဖြတ် အတည်ပြုပြီးပါက အထက်အဆင့်ဆင့်သို့ တင်ပြခွင့်ပြုချက် ရယူသွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ်သည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံအတွက် နိုင်ငံခြားငွေရရှိရေးနှင့် ရေရှည်အကျိုးစီးပွား ဖြစ်ထွန်းရေးတို့အတွက် များစွာ အထောက်အကူပြုသည့်နည်းတူ လုပ်ထုံး လုပ်နည်းနှင့်အညီ ဖြစ်စေရေးအတွက် ဝိုင်းဝန်းအကြံပြု သုံးသပ်အကဲဖြတ် ဆောင်ရွက်ပေးကြစေလိုကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ဗဟိုကော်မတီအတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်စိုးက နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာကော်မတီ အဆင့်ဆင့်ဖွဲ့စည်းမှုနှင့် လုပ်ငန်းတာဝန်များ၊ အမျိုးအစားအလိုက် ခွင့်ပြုဆောင်ရွက်မှုနှင့် အမှတ်ပေး စည်းမျဉ်းများ၊ လက်ရှိလူတွေ့ စစ်ဆေးအကဲဖြတ်မည့် PR လျှောက်ထားသူ မိသားစုအပါအဝင် ၃၀ နှင့် ပတ်သက်၍ ယခင် ဗဟိုကော်မတီက စိစစ်ဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး တာဝန်ခံအရာရှိက PR အမျိုးအစား ပြောင်းလဲလျှောက်ထားမှုနှင့် သက်တမ်းတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြ၍ ဗဟိုကော်မတီဝင်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။

ယင်းနောက် ဗဟိုကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များက နိုင်ငံခြားသား အမြဲနေထိုင်ခွင့် လျှောက်ထားသူများကို တစ်ဦးချင်းတွေ့ဆုံကာ ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များမှ သိရှိလိုသည်များ၊ ပြဋ္ဌာန်းထားသည့် နည်းဥပဒေအပေါ် သိရှိလိုက်နာ ဆောင်ရွက်ရေးနှင့် တည်ဆဲဥပဒေများနှင့် နေထိုင်နိုင်ရေး အခြေအနေများကို မေးမြန်းဆွေးနွေးကြကာ အကဲဖြတ်အတည်ပြု ဆုံးဖြတ်ကြသည်။

ယခုအစည်းအဝေးတွင် ယခင်အစိုးရလက်ထက်က လုပ်ငန်းကော်မတီနှင့် ဗဟိုကော်မတီတို့မှ စိစစ်ပြီးသူများအနက် မြန်မာနိုင်ငံတွင် လက်ရှိရှိနေသည့် မိသားစုဝင်အပါအဝင် စုစုပေါင်း ၃၀ အတွက် လူတွေ့စစ်ဆေးအကဲဖြတ် ဆောင်ရွက်မည်ဖြစ်ပြီး အတည်ပြုပြီးပါက အထက်အဆင့်ဆင့်သို့တင်ပြကာ အတည်ပြု ခွင့်ပြုသူများကို နေထိုင်ခွင့်လက်မှတ်နှင့် ကတ်ပြားများ ထုတ်ပေးနိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်