Skip to main content

တက္ကသိုလ်များ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် မတ်လ ၉

တက္ကသိုလ်များ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၌ ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က တက္ကသိုလ်များ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးမှာ အလွန်အရေးကြီးပါကြောင်း၊ တက္ကသိုလ်များအနေဖြင့် ပင်မတာဝန်များ ထမ်းဆောင်ရာတွင် အခြေခံအကျဆုံးနှင့် အရေးအကြီးဆုံးအချက်မှာ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း စည်းကမ်းဥပဒေများ ခိုင်ခိုင်မာမာရှိပြီး စနစ်တကျ အသုံးချရန်ဖြစ်ပါကြောင်း၊ လက်ရှိကျင့်သုံးလျက်ရှိသော လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း စည်းကမ်းများကိုလည်း ပြဌာန်းပြီးဖြစ်သည့် အမျိုးသားပညာရေးဥပဒေ၊ နိုင်ငံတော်၏ မူဝါဒများနှင့်အညီ တက္ကသိုလ် ပဋိဉာဉ်၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း စည်းကမ်းများကို စဉ်ဆက်မပြတ် မွမ်းမံပြင်ဆင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အဆင့်မြင့်ပညာရေး ကဏ္ဍသည် နိုင်ငံတကာ စံနှုန်းများ၊ နိုင်ငံတကာတွင် ကျင့်သုံးဆောင်ရွက်နေမှုများအား စဉ်ဆက်မပြတ် လေ့လာနေရမည်ဖြစ်ပြီး မိမိတို့ဆောင်ရွက်နေမှု အနေအထားနှင့် နှိုင်းယှဉ်လေ့လာသုံးသပ် ဆောင်ရွက်သင့်သည်များကို ဖော်ထုတ်ကျင့်သုံးရန်လည်း လိုအပ်ကြောင်း။

ထို့အပြင် ယနေ့ခေတ်တွင် ICT နည်းပညာသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လျက်ရှိသဖြင့် ယင်းအားသာချက်ကို ထိထိရောက်ရောက် အသုံးချဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်အတွက် လိုအပ်သော ICT ပညာရှင်များ မွေးထုတ်ပေးနေသည့် ဝန်ကြီးဌာန ဖြစ်သည့်အတွက် ဝန်ကြီးဌာန၊ ဦးစီးဌာနနှင့် တက္ကသိုလ်များ၏ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ICT နည်းပညာကို တွင်ကျယ်စွာ အသုံးပြုဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဤသို့ ကျယ်ကျယ်ပြန့်ပြန့် အသုံးချနိုင်ရန် အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲများ၊ ညီလာခံများကျင်းပ၍ ဆောင်ရွက်သင့်ပါကြောင်း၊ Infrastructure များ ဖြည့်ဆည်းဆောင်ရွက်ရာတွင်လည်း စနစ်တကျ စီမံချက်များ ချမှတ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ရည်မှန်းချက် တာဝန်အပေါ်အခြေခံ၍ ရေရှည်မျှော်မှန်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်နွယ်နီက တက္ကသိုလ်များ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နိုင်စေရေးအတွက် ပြင်ဆင်ဆောင်ရွက် ထားမှုများကို ရှင်းလင်းတင်ပြပြီး သက်ဆိုင်ရာ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၏ တင်ပြဆွေးနွေးမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အဆင့်မြင့် သိပ္ပံနှင့်နည်းပညာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်