ခေတ်သစ်မြန်မာ့တပ်မတော်သည် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းနှင့်အတူ ယှဉ်တွဲ၍ ပေါ်ထွန်းလာခဲ့သော တပ်မတော်ဖြစ်သည်။ ပဒေသရာဇ်ခေတ်နှောင်းကာလ မြန်မာ့အုပ်ချုပ်ရေးမဏ္ဍိုင်တွင် ဝါးအစည်းပြေသကဲ့သို့ ဖရိုဖရဲ ပြိုကွဲနေချိန်၊ စစ်ရေးအင်အားကလည်း ခေတ်မမီချည့်နဲ့ နေခဲ့ခြင်းက နယ်ချဲ့တို့၏ တစ်ရစ်ပြီးတစ်ရစ် ဝါးမျိုခြင်းကိုခံခဲ့ရပြီး ကျွန်သပေါက်ဘဝ ကျရောက်စေခဲ့ရသည်။
ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသွားပြီး နောက်ကိုလိုနီအင်ပါယာကြီးများ တစ်ခုပြီးတစ်ခု ပြိုလဲသွားခဲ့ရပြီး နိုင်ငံများစွာတို့ လွတ်လပ်ရေး ရရှိလာခဲ့ကြသည်။ နယ်ချဲ့လက်အောက်မှ လွတ်မြောက်လာသည့် နိုင်ငံတိုင်း မိမိတို့၏ နိုင်ငံကို ကာကွယ်နိုင်ရန် ကိုယ်ပိုင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့များကို ထူထောင်ဖွဲ့စည်းကြရသည်။ မြန်မာ့တပ်မတော်သည် နယ်ချဲ့ကို တိုက်ခိုက်ခဲ့ရသလို ဖက်ဆစ်ကိုလည်း တွန်းလှန်ခဲ့ရသည်။ လွတ်လပ်ရေး ရပြီးကာလ ပြည်တွင်းစည်းလုံးညီညွတ်မှု ပြိုကွဲရာမှ ထွက်ပေါ်လာသည့် ဝါဒမျိုးစုံ ရောင်စုံသောင်းကျန်းမှုများကိုလည်း ရှိသမျှအင်အားဖြင့် ရှင်းလင်းနှိမ်နင်းခဲ့ရသည်။ လွတ်လပ်ပြီးခေတ် မြန်မာ့နိုင်ငံရေးသမိုင်းတွင် တပ်မတော်က အစဉ်တစိုက် ပါဝင်နေရခြင်းသည် အယူဝါဒမတူသည့် နိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသား မျိုးနွယ်စုများအကြား စည်းလုံးညီညွတ်မှု ကင်းမဲ့နေခြင်းကို အဓိက အရင်းခံသည်။ ညီညွတ်မှုမရှိသော သူတစ်လူ ငါတစ်မင်း အခြေအနေမျိုးက အချိန်မရွေး နိုင်ငံကို ပြိုလဲပျက်စီးသွားစေနိုင်သည့်အတွက် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဟူသော အရေး (၃)ပါးကို အမျိုးသားရေး တာဝန်အဖြစ် သတ်မှတ်ကာ ပြည်သူလူထုနှင့်အတူ လက်တွဲ၍ ထမ်းဆောင်နေခြင်းဖြစ်သည်။ နိုင်ငံ၏ စွမ်းအားသုံးရပ်ဖြစ်သည့် စီးပွားရေးစွမ်းအား၊ နိုင်ငံရေးစွမ်းအားနှင့် ကာကွယ်ရေးစွမ်းအားတို့ ခိုင်မာတောင့်တင်းစေရန် ရည်မှန်းချက်ထားကာ လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်နေခြင်း ဖြစ်သည်။
ကမ္ဘာ့နိုင်ငံရေးတွင် နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ အင်အားချင်း တိုင်းတာကြရာ၌ စစ်ရေးအင်အားကို အဓိကထားကြသည်။ စစ်ရေးအင်အားကို စီးပွားရေးနှင့် နိုင်ငံရေးအင်အားနှစ်ရပ်က နောက်မှ ထောက်ပံ့ထားကြခြင်းဖြစ်ရာ ယင်းအင်အားသုံးရပ် ခိုင်မာတောင့်တင်းသည့် နိုင်ငံများကို လေးစားကြရသည်။ ယင်းသို့သော နိုင်ငံမျိုးမှာ ပြည်ပခြိမ်းခြောက်မှု အန္တရာယ်လည်း အလားအလာ နည်းကြသည်။ မိမိတို့နိုင်ငံသည် နှစ်ပေါင်းထောင်နှင့်ချီသော သမိုင်းရှိခဲ့ပြီး သမိုင်းခေတ်အဆက်ဆက်မှ ဘိုးဘွားမျိုးဆက်တို့က နိုင်ငံကို စုစည်းတည်ထောင် ထိန်းသိမ်းခဲ့ကြသောကြောင့် ယနေ့မျက်မှောက်ကာလ အရှေ့တောင်အာရှဒေသတွင် တစ်ဆက်တစ်စပ်တည်း ကုန်းမြေနယ်နိမိတ်ပိုင်ဆိုင်မှု အကြီးဆုံးသော နိုင်ငံဖြစ်နေရခြင်းဖြစ်သည်။ သို့ရာတွင် နိုင်ငံ၏တည်နေရာနှင့် ပထဝီနိုင်ငံရေးအရ လည်းကောင်း၊ ပြောင်းလဲလာသည့် ကမ္ဘာ့နိုင်ငံရေး ဝင်ရိုးအချက်အချာအရ လည်းကောင်း မိမိတို့နိုင်ငံ၏ မြေပြင်၊ ရေပြင်၊ ကောင်းကင်ပြင် ပိုင်နက်နယ်နိမိတ်တို့ကို အချိန်အခါမလပ် ကာကွယ်စောင့်ရှောက်ရန် လိုအပ်နေပြီဖြစ်သည်။ အရှေ့တောင်အာရှတွင် အကျယ်ဝန်းဆုံး နိုင်ငံတစ်နိုင်ငံအနေဖြင့် မိမိ၏ ပိုင်နက်နယ်နိမိတ်ကို ကာကွယ်စောင့်ရှောက်ရန် ဒေသတွင်း အတောင့်တင်းခိုင်မာဆုံးသော ကာကွယ်ရေးစွမ်းအားကို တည်ဆောက်ထားရမည်ဖြစ်သည်။
အထက်တွင် ဆိုခဲ့ပြီးသည့်အတိုင်း နိုင်ငံ၏ကာကွယ်ရေး စွမ်းအားကို အခိုင်မာတောင့်တင်းဆုံး မြှင့်တင်တည်ဆောက်နိုင်ရန်မှာ နိုင်ငံ၏ စီးပွားရေးနှင့် နိုင်ငံရေးတို့ကို အခြေခိုင်မာစွာဖြင့် မြင့်မြင့်မားမား တည်ဆောက်ကြရန် လိုအပ်သည့်အလျောက် နိုင်ငံတော်၊ တပ်မတော်နှင့်ပြည်သူတို့၏ ပေါင်းစည်းညီညွတ်မှုဖြင့် အားသုံးအား မြင့်မားအောင် ကြိုးပမ်းစွမ်းဆောင်နိုင်ကြပါစေကြောင်း။ ။