Skip to main content

စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော် အောင်မြင်စွာ ကျင်းပပြီးစီး ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များနှင့် ပြည်သူများ စိတ်ပါဝင်စားစွာ တစ်ခဲနက် ပါဝင်ဆင်နွှဲ

နေပြည်တော် ဇန်နဝါရီ ၃၁

စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော် တတိယနေ့ကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌  ဆက်လက်ကျင်းပရာ ဝန်ကြီးဌာနများရှိ ဝန်ထမ်းများနှင့် မိသားစုများ၊ ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များ၊ ကလေးငယ်များ၊ လူငယ်များနှင့် ပြည်သူများ စိတ်ပါဝင်စားစွာဖြင့် တစ်ခဲနက် လာရောက်ပါဝင်ဆင်နွှဲကြသည်။

ယနေ့သည် ပြပွဲနောက်ဆုံးနေ့ဖြစ်သည့်အတွက် ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ပို့ဆောင်ရေး ဝန်ကြီးဌာန၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ဌာနတို့မှ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ခင်းကျင်းပြသထားသည့် ပြခန်းများဖြစ်သော စာအုပ်စာစောင် များနှင့် စာပေပညာရှင်ကြီးများ၏ အတ္ထုပ္ပတ္တိပြခန်း၊ သမိုင်းဝင်စာချုပ်၊ စာတမ်းများနှင့် မှတ်တမ်းမှတ်ရာများပြခန်း၊ ရေကြောင်းပညာရပ်ဆိုင်ရာ အသိပညာပေးပြခန်း၊ လေကြောင်း ပညာရပ်ဆိုင်ရာပြခန်း၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာအသိပညာ ပေးပြခန်း၊ ပန်းချီ၊ အနုပညာ ပြခန်း၊ ကိုဗစ် - ၁၉ ကပ် ရောဂါဆိုင်ရာ အသိပညာပေးပြခန်းနှင့် အားကစားလှုပ်ရှား ဆောင်ရွက်မှုပြခန်းတို့တွင် စိတ်အားထက်သန်စွာ လေ့လာကြည့်ရှုသူများဖြင့် စည်ကား လျက်ရှိသည်။

ပြပွဲ ရှေ့မျက်နှာစာတွင်လည်း ပြည်သူများ စိတ်ပျော်ရွှင်ချမ်းမြေ့စေရန် ဉာဏ်လင်းထက် ဆင် အဖွဲ့၏ ဆင်သီချင်းအက၊ ခေတ်ပေါ် သီချင်း အကနှင့် လှေခါး၊ ပီပါ၊ ကုန်းဘောင်များပေါ်တက်၍ စွမ်းရည်ထုတ်ဖော်ပြသသည့် ပြကွက်များကို အထူးအစီအစဉ်များအနေဖြင့် တင်ဆက် လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များ အထူးစိတ်ဝင်စားစွာ အားပေးနေသည်ကိုလည်း တွေ့မြင်ရသည်။

ထို့ပြင်  ပြည်သူများ သမိုင်းတန်ဖိုးများကို သိရှိနားလည်စေရန် စေတနာဖြင့် အမျိုးသား မှတ်တမ်းများမော်ကွန်းတိုက် ဉီးစီးဌာနပြခန်းအတွင်း စစ်သူကြီး မဟာဗန္ဓုလမှ မဏိပူရ မင်းသားထံပေးသည့် ပေစာ၊ လွတ်လပ်ရေးကြေညာစာတမ်း၊ ပင်လုံစာချုပ်၊ ရန္တပိုစာချုပ်၊ အောင်ဆန်း - အက်တလီစာချုပ် ၊ နု - အက်တလီစာချုပ်များနှင့် အခြားသမိုင်းရေးရာ တန်ဖိုးရှိသော မှတ်တမ်းများနှင့် မော်ကွန်းများကို ပြသထားရာ ကျောင်းသား၊ ကျောင်းသူ များနှင့် လူငယ်များ စိတ်ပါဝင်စားစွာ လေ့လာကြကာ သမိုင်းတန်ဖိုးကို သိမြင်ပြီး ထိန်းသိမ်း လိုစိတ်ရှိကြသည့် မြင်ကွင်းကိုလည်း တွေ့မြင်ရသည်။

မြန်မာနိုင်ငံ၏ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် အားကစား လှုပ်ရှားဆောင်ရွက်မှုပြခန်းကိုလည်း ဖွင့်လှစ်ပြသထားပြီး စိတ်ဓာတ်မြှင့်တင်ရေး ပြခန်း၊ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှပြိုင်ပွဲမှတ်တမ်းဓာတ် ပုံများပြခန်း၊ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ အားကစားလှုပ်ရှားမှုဆိုင်ရာဆောင်ရွက်မှုမှတ် တမ်းပြခန်း၊ မြန်မာ့ အားကစားသမားများမော်ကွန်းခန်းမ နှင့်လက်ရှိအစိုးရလက်ထက် အားကစား လှုပ်ရှားမှုဆိုင်ရာ ဆောင်ရွက်ချက် မှတ်တမ်းများကိုလည်း စုံစုံလင်လင်ပြသ ပေးထားမှု အပေါ် လူငယ်များ အထူးအလေးထား လေ့လာကြရာ နိုင်ငံအတွက် အားတစ်ခုပင်ဖြစ်သည်။

စာပေဗိမာန်စာအုပ်အရောင်းဆိုင်နှင့် ပြင်ပပုဂ္ဂလိက စာအုပ်ဆိုင်များအနေဖြင့်လည်း ပြည်သူများ စာပေဖတ်ရှုမှုမှတဆင့် အသိအမြင် ဗဟုသုတများစွာ ရရှိစေရန် ရည်ရွယ်ချက်ဖြင့် စာပေ ဆုရစာအုပ်များ၊ ရသစာအုပ်များ၊ ဘဝအောင်မြင်ရေးစာအုပ်များ၊ ကျန်းမာရေးကဏ္ဍ စာအုပ်များ၊ ပညာရပ်ဆိုင်ရာစာအုပ်များ၊ ဘာသာပြန် စာအုပ်များ၊ အနုပညာစာအုပ်များ၊ ဆောင်းပါးများ၊ ရုပ်ပြစာအုပ်များ၊ စီးပွားရေးစီမံခန့်ခွဲမှု စာအုပ်များနှင့် သမိုင်းစာအုပ်များကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိရာ စာပေချစ်သူများဖြင့် စည်ကားလျက်ရှိသည်။

ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနမှ ဝန်ထမ်းများအနေနှင့်လည်း ပွဲတော်လာ ပြည်သူများ ကိုဗစ် - ၁၉ ရောဂါကူးစက်မှုမှ ကာကွယ် တားဆီးနိုင်ရန်အတွက် Mask နှင့် Face Shield များ ဖြန့်ဝေခြင်း၊ အသိပညာပေးစာစောင်များ လက်ကမ်းဝေငှခြင်း၊ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများကို အသိပညာပေးပြောကြားခြင်းကို ဆောင်ရွက်ပေးပြီး ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်များသည်လည်း ကျန်းမာရေးဝန်ကြီးဌာန၏ ပြခန်းအတွင်း ပြသထားသည့် ကျန်းမာရေးဆိုင်ရာ ပြကွက်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာ ကြသည်။

အလားတူ သိပ္ပံနှင့် နည်းပညာပြခန်း၊ လေကြောင်းပညာရပ်ဆိုင်ရာ အသိပညာပေးပြခန်း၊ ရေကြောင်းပညာ ရပ်ဆိုင်ရာအသိ ပညာပေးပြခန်း တို့တွင် နည်းပညာရပ်ဆိုင်ရာများ လေ့လာ နိုင်မည့်အပြင် ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်များ ကိုယ်တိုင် အဆင့်မြင့်တိုက် လေယာဉ်၊ ရဟတ်ယာဉ်များ၊ သင်္ဘာများကို စမ်းသပ်မောင်းနှင်နိုင်မည့် simulator များ ထားရှိပေးထားသည့် အစီအစဉ်နှင့် လေကြောင်း ပညာရပ်ကို စိတ်ဝင် စားသည့် ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များအတွက် လေယာဉ်ငယ်ပျံသန်းခြင်း သရုပ်ပြကွင်းကို ထားရှိပေး ထားပြီး လေယာဉ်ပျံသန်းပုံ အဆင့်ဆင့်ကို သရုပ်ပြ ပျံသန်းသည့် အစီအစဉ်တို့တွင်လည်း ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိသည်။

နေပြည်တော် ရဲတပ်ဖွဲ့အနေဖြင့်လည်း မှုခင်းပညာပေးပြခန်းယာဉ်ကိုထားရှိ၍ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ ဆောင်ရွက်မှု မှတ်တမ်းများ၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ ဆောင်ရွက်မှုမှတ်တမ်းများ၊ နေပြည်တော်ရဲတပ်ဖွဲ့၏ ဆောင်ရွက်မှုမှတ်တမ်းများ နှင့် ယာဉ်အန္တရာယ်ကင်းရှင်းဖို့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို လိုက်နာကြပါစို့ ခေါင်းစဉ်ဖြင့် အသိပညာပေးမှတ်တမ်းများကိုလည်း ပြသ ထားရာ ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ် များ စိတ်ပါဝင်စားစွာဖြင့် လေ့လာကြသည်။

ထို့ပြင် ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ရုံ၌ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းသွင်း လေ့ကျင့်လျက်ရှိသည့် မြန်မာ့လက်ရွေးစင် အားကစားသမား များ၏ သရုပ်ပြလေ့ကျင့်ပြသမှုအား ထည့်သွင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ စိတ်အားထက်သန်စွာဖြင့်  လာရောက်ကြည့်ရှုခဲ့ကြသည်။

ပွဲတော်အတွင်း ဆေးရောင် ခြယ်ပြိုင်ပွဲ၊ အိမ်ဆောက်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲနှင့် စကားပုံဆက် ပြိုင်ပွဲများကိုလည်း စီစဉ်ပေးထားရာ ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များအပြင် ဆရာ၊ ဆရာမများ၊ စိတ်ပါဝင်စားသည့် ပြည်သူများ လည်း တစ်ခဲနက် ပါဝင်ဆင်နွှဲ နေကြသည်ကို ပျော်ရွှင်ဖွယ်ရာ တွေ့မြင်ရသည့်အပြင် ဖျော်ဖြေရေး အစီအစဉ်များအဖြစ် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် အနုပညာ ဉီးစီးဌာနမှ အနုပညာရှင်များ၊ ကျောင်းသား၊ ကျောင်းသူများ၏ ဖျော်ဖြေမှုများ ကြောင့်လည်းပွဲတော်ကြီးကိုပို၍ အသက်ဝင်စေခဲ့သည်။

ပွဲတော်သို့ လာရောက်ကြသူများ ကိုဗစ် - ၁၉ ရောဂါကူးစက်မှု မဖြစ်စေဘဲ စိတ်အေးချမ်းသာစွာ လာရောက်လေ့လာနိုင်ရန်အတွက်လည်း ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားထားသည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့် အညီစစ်ဆေး ဆောင်ရွက်ပေးပြီးမှသာ ပွဲတော်အတွင်းသို့ ဝင်ရောက် ခွင့်ပြုသည့်အပြင် တစ်စုံတစ်ရာ ကျန်းမာရေး ချို့ယွင်းမှု ဖြစ်ပေါ်ပါကလည်းအရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုအစီ အစဉ်များကိုလည်း ထည့်သွင်း ပေးထားသည်။

မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးမောင်မောင်အုန်းနှင့် တာဝန်ရှိသူများသည် ပွဲတော်အတွင်းခင်းကျင်း ပြသထားသည့် ပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးကြပြီး ပွဲတော်သို့လာရောက်လေ့လာကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များနှင့် ပြည်သူများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

ယခုကျင်းပခဲ့သည့် လူငယ်နှင့်စာပေပွဲတော်ကြီးအား ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များ၏ ဉာဏ်ရည် ဉာဏ်သွေးနှင့် အတွေး အခေါ်အယူအဆများ ထက်မြက်လာစေရန်၊ ပွဲတော်၌ ပျော်ရွှင်စွာဆင်နွှဲရင်း စုပေါင်းအလုပ်များတွင် ဝိုင်းဝန်းပါဝင်တတ်သည့် အလေ့အထ ကောင်းများရရှိလာစေရန်၊ လူငယ်များ၏ တီထွင်ဖန်တီးလိုစိတ် ရင့်သန်လာစေရန်နှင့် စာပေဖတ်ရှုလေ့လာလိုစိတ် မြင့်မားလာစေရန်၊ အသိပညာ၊ အတတ်ပညာနှင့် ကျင့်ဝတ် တန်ဖိုးအပါအဝင် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဗလငါးတန် မြှင့်တင်ပေးနိုင်ရန်နှင့် အနာဂါတ်လူ့ဘောင် အဖွဲ့အစည်းအား ၎င်းတို့၏ အတွေးအမြင် ကောင်းများဖြင့် တည်ဆောက် အကောင်အထည်ဖော်နိုင်ရန်စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် နိုင်ငံတော်အစိုးရမှ ကျင်းပ ပေးခဲ့ခြင်းဖြစ်သည်။

သတင်း - မျိုးဆက်သစ်

ဓာတ်ပုံ - ကိုကိုနော်