Skip to main content

ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်ခုကို တည်ဆောက်ဖို့ဆိုရင် လူငယ်တွေရဲ့ စိတ်ထဲမှာ ငယ်ငယ်ကတည်းက ဆန်းသစ်တီထွင်လိုတဲ့ အတွေးတွေရှိဖို့ လိုအပ်ပါတယ်

 

နေပြည်တော် ဇန်နဝါရီ ၃၀

 

ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာနတို့ ပူးပေါင်းစီစဉ်ပြီး စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် နေပြည်တော်တွင် ကျင်းပသည့် လူငယ်နှင့် စာပေပွဲတော် ဒုတိယနေ့ကိုဆက်လက် ကျင်းပလျက်ရှိရာ ပြသထားသည့် ပြခန်းပေါင်း ၄၀ ကျော်ကို နေပြည်တော်ရှိ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ကျောင်းသား ကျောင်းသူ လူငယ်များ လာရောက်လေ့လာလျက် ရှိသည်။

 

အဆိုပါ လူငယ်နှင့်စာပေပွဲတော်တွင် ခင်းကျင်းပြသထားသည့် ပြခန်းများသို့ စိတ်ဝင်တစား လာရောက်ကြည့်ရှု လေ့လာသူများဖြင့် ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိရာ လာရောက်လေ့လာ သူအချို့၏ အမြင်များအား တွေ့ဆုံ မေးမြန်းထားသည်များကို ဖော်ပြအပ်ပါသည်။

 

မအိမ့်မှူးကျော်သူ

Grade-9 ၊ အထက(ဇေယျာသီရိ)၊ နေပြည်တော်

 

လူငယ်နဲ့ စာပေပွဲတော်ကို လာရတာ ပျော်ဖို့လည်းကောင်းသလို ဗဟုသုတအစုံလည်းရတယ်။ သိပ္ပံပညာရပ်နဲ့ဆိုင်တဲ့ အကြောင်းအရာတွေ၊ လေကြောင်းနဲ့ဆိုင်တဲ့ အကြောင်းအရာတွေနဲ့ သမီး စိတ်ဝင်စားတဲ့ ပန်းချီတွေကိုလည်း လေ့လာခွင့်ရခဲ့ပါတယ်။ ဒီပြခန်းတွေထဲက စိတ်ဝင်စားဖို့ အကောင်းဆုံးကတော့ ပန်းချီပြခန်းပါ။ ငယ်ငယ်ကတည်းက ဖြစ်ချင်တာကတော့ လေယာဉ်မယ်ပါ။ ဒါကြောင့်မို့လို့ လေကြောင်းပညာနဲ့ ပတ်သက်တာကို လည်း လေ့လာဖြစ်တယ်။ ခုတလောမှာ ပန်းချီနဲ့ ပတ်သက်ပြီးတော့ ပိုပြီး စိတ်ဝင်စားလာတယ်။ ပန်းချီပညာရှင် ဖြစ်ချင်လာတယ်။ ဒီမှာမြင်တွေ့ခဲ့ရတဲ့ ပန်းချီဆရာကြီးတွေရဲ့ လက်ရာတွေကို ကြည့်ရှုလေ့လာခွင့်ရတဲ့အခါမှာ ပန်းချီ ဆရာကြီးတွေအနေနဲ့ ဒီပန်းချီကားတွေကို ဘယ်လိုစိတ်ကူးစိတ်သန်းတွေနဲ့ ဆွဲခဲ့လဲ ဆိုတာကိုပါ သိချင်စိတ်တွေ ဖြစ်ပေါ်လာ ပါတယ်။ ဒီလိုမျိုးအခမ်းအနားတွေ ကျင်းပပေးတဲ့အတွက် နိုင်ငံတော်အနေနဲ့ အများကြီး ငွေကြေး ကုန်ကျမှာပါ။ အဲ့ဒီလို ကုန်ကျမှုတွေကို ကုန်ရကျိုးနပ်အောင် ဒီကိုလာပြီး မလေ့လာရသေးတဲ့ သူငယ်ချင်းတွေ၊ လူငယ်တွေအနေနဲ့လည်း ဒီကိုလာပြီး လေ့လာကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။

 

မခင်စုခိုင်

အလက(၁)၊ Grade-6၊ နေပြည်တော်

 

သမီးက လူငယ်နဲ့စာပေပွဲတော်မှာ စာအုပ်အရောင်းဆိုင်တွေနဲ့ ပြခန်းတွေထဲက စာအုပ်စာစောင်တွေကို အဓိက လေ့လာခဲ့ပါတယ်။ ကျောင်းမှာ သမီးတို့ ဆရာမက စာအုပ်စာပေတွေကို သေချာ ဂရုစိုက်ပြီး လေ့လာရင် တိုင်းပြည်အတွက် လူချွန်လူကောင်းတစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင်နိုင်မယ်လို့ ပြောပါတယ်။ ဒီကပြခန်းတွေမှာလည်း ကိုယ်သိချင်တာတွေ၊ စိတ်ဝင်စားတဲ့အရာတွေကို မေးလို့လည်း ရတယ်။ အဲ့ဒီအတွက် ဗဟုသုတတွေလည်းရတယ်။ သူငယ်ချင်းတွေနဲ့အတူ လာရလို့ ပျော်ဖို့လည်း ကောင်းပါတယ်။ သမီးက ကျောင်းမှာလည်း သိပ္ပံနဲ့ အင်္ဂလိပ်စာကို အဓိကစိတ်ဝင်စား တယ်။ ဒါကြောင့် သိပ္ပံပြခန်းမှာ သေချာလေး လေ့လာဖြစ်ပါတယ်။ သမီးကြီးလာတဲ့ အခါကျရင်လည်း ဆရာဝန်ကြီး လုပ်ပြီး လူတွေကို ကယ်တင်ချင်ပါတယ်။

 

ကိုမျိုးအောင်ကျော်

နည်းပညာတက္ကသိုလ်၊ ပထမနှစ်

 

လူငယ်နှင့်စာပေပွဲတော်မှာ နည်း ပညာဂဟေဆက်နဲ့ ပတ်သက်တာတွေ၊ ဝရိန်နဲ့ပတ်သက်တာတွေကို လာရောက် ပြသပေးတာဖြစ်ပါတယ်။ ဝရိန်ဆော် လုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုမယ့်သူတွေနဲ့ နည်းပညာတက္ကသိုလ်ကို တက်ပြီး အင်ဂျင်နီယာလုပ်မယ့် လူငယ်တွေအတွက် အကျိုးပြုစေမယ့် 3D နဲ့ ဝရိန်ဆက်နည်းတွေ ပြသပေးပါတယ်။ ဝရိန်ဆက်နည်းကို စတင် သင်ကြားသူတွေအတွက် မျက်လုံး ထိခိုက်မှုတွေ သက်သာစေဖို့ တီဗွီမှာ 3D နဲ့လေ့ကျင့်ပေးပါတယ်။ လူငယ်တွေကို လေ့ကျင့်ပေးတဲ့အခါ အမှတ် ၉၀ ကျော်ရင် ဆုပေးပါတယ်။ ကျွမ်းကျင်အဆင့်ရောက်မှ အမှတ် ၉၀ ကျော်ပါတယ်။ အဲ့ဒီလို အဆင့်ရောက်တဲ့သူတွေဟာ လုပ်ငန်းခွင်မှာ ဝရိန်ဆော် လုပ်သားအနေနဲ့ အလုပ်လုပ်နိုင်ပါပြီ။ လူငယ်နှင့် ကလေးစာပေပွဲတော်ကို လာရောက်လေ့လာကြတဲ့ လူငယ်တော်တော်များများက တီဗွီ 3D မျက်မှန်နဲ့ ဝရိန်ဆော်နည်းကို စိတ်ဝင်တစား လက်တွေ့ လေ့ကျင့်တဲ့သူတွေ ရှိသလို လေ့လာမေးမြန်းသူတွေလည်း အများအများရှိပါတယ်။ အဲဒီအတွက် လူငယ်နှင့် စာပေပွဲတော်ကို လာရောက်ပြသပေးရတာ ကျွန်တော်တို့အတွက်လည်း များစွာ ဝမ်းသာပီတိ ဖြစ်မိပါတယ်။ လူငယ်တွေ အနေနဲ့လည်း ဒီပွဲကနေ အတွေးသစ် အမြင်သစ်နဲ့ ဘဝတက်လမ်းတွေမှာ အထောက်အကူ ဖြစ်စေမယ်လို့ ယုံကြည်ပါတယ်။

 

ဦးနောင်

ဇေယျာသီရိမြို့နယ်

 

ကျွန်တော့်ရဲ့ သားကလူငယ်နှင့်စာပေ ပွဲတော်ကို လာချင်တယ်ပြောလို့ လိုက်ပို့ ပေးတာပါ။ ဖွင့်ပွဲနေ့ ကလည်း လာရောက် လေ့လာပါတယ်။ ပြခန်းတွေလည်း စုံလင်ပါတယ်။ နောက်ထပ်ဒီလိုပွဲတွေ ကျင်းပပေးမယ်ဆိုရင် အနုပညာပြခန်းတွေလည်း ထည့်သွင်းပြသပေးစေချင်ပါတယ်။ လူငယ် လူရွယ်တွေအတွက် ဒီလိုပွဲတွေမှာ တက်ရောက်ခွင့်ရတဲ့အခါ ငယ်ငယ်ကတည်းက အခြေခံသိသင့် သိထိုက်တာ တွေကို သိရှိနားလည်သွားမှာပါ။ အခုလို လူငယ်နှင့် စာပေပွဲတော်မှာ ပြခန်းတွေ စုံစုံလင်လင် ခင်းကျင်းပြသထားတဲ့အတွက် ကလေးတွေအနေနဲ့ ဝါသနာ ပါရာကို စူးစမ်းလေ့လာ ခွင့်ရတာကြောင့် မိဘတစ်ဦးအနေနဲ့ လူငယ်နှင့်စာပေပွဲတော် ကျင်းပပေးတဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူ တွေကို ကျေးဇူးအထူးတင်ရှိပါတယ်။ နောက်လည်း အခုလိုပွဲတွေ များများ ကျင်းပပေးနိုင်ဖို့ မျှော်လင့်မိပါတယ်။ ကိုရှိုင်းဇာနည်ထွန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ရုံးပိတ်ရက်ဖြစ်တာကြောင့် မိသားစု နဲ့အတူ လာရောက် လေ့လာတာပါ။ ပြခန်းတွေမှာ ပြသထားတာတွေက လူငယ်တွေ အတွက်သာမကဘဲ လူကြီးတွေ အတွက်ပါ ဗဟုသုတရစေပါတယ်။ အခုလို လူငယ်နှင့်စာပေပွဲတော်မှာ ပြသထားတဲ့ ပြခန်းတွေက အနာဂတ်မျိုးဆက်သစ် လူငယ်တွေ အတွက် များစွာတန်ဖိုးရှိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနက ပြခန်းတွေ ဆိုရင် လူငယ်တွေ တီထွင်ဆန်းသစ်မှုတွေကို ဖော်ဆောင်ပေးတဲ့ အရာလို့ မြင်ပါတယ်။ ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့နိုင်ငံတစ်ခုကို တည်ဆောက်ဖို့ဆိုရင် လူငယ်တွေရဲ့ စိတ်ထဲမှာ ငယ်ငယ်ကတည်းက ဆန်းသစ်တီထွင်လိုတဲ့အတွေးတွေရှိဖို့ လိုအပ်ပါတယ်။ အဲ့ဒီလိုအတွေး အခေါ်တွေကို အခုလိုပွဲတော်တွေ ဆီက များစွာရရှိပါတယ်။ အဲ့ဒါကြောင့် ၇၅ နှစ်မြောက် ပြည်ထောင်စုနေ့အကြို လူငယ်နှင့်စာပေ ပွဲတော်ကို အရွယ်သုံးပါးမရွေး လာရောက်လေ့လာကြဖို့ ဖိတ်ခေါ်ပါတယ်။

 

မမိုးပြည့်ပြည့်နိုင်

Grade-9၊ အထက(၅) ပျဉ်းမနား

 

သမီးကတော့ အခုကျင်းပနေတဲ့ လူငယ်နှင့် စာပေပွဲတော်မှာ ဖျော်ဖြေရေး ကဏ္ဍကနေ ပါဝင်ခွင့် ရရှိခဲ့ပါတယ်။ အခုလိုစာပေပွဲတော်တွေ ဖြစ်မြောက်အောင် ကျင်းပပေးတဲ့အတွက် တာဝန်ရှိသူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ အခုလို ပွဲတော်ပြု လုပ်ပေးတဲ့ အတွက် လူငယ်တွေ စာပေဖတ်ရှုတာ ဝါသနာပါပြီး အသိပညာဗဟုသုတတွေ ကြွယ်ဝလာလိမ့်မယ်လို့ ထင်ပါတယ်။ သမီးတို့အနေနဲ့ ကြိုးစားပြီးကပြခွင့်ရရှိတဲ့အတွက်နဲ့ အခုပွဲတော်မှာ ပါဝင်ခွင့် ရရှိတဲ့အတွက် ပျော်လည်းပျော်ပါတယ်။ ဂုဏ်လည်းဂုဏ်ယူပါတယ်။

 

မပန်းမြတ်သီတာအောင်

Grade-10၊ အထက(၅) ပျဉ်းမနား

 

သမီးက လူငယ်နဲ့ စာပေပွဲတော်ဖွင့်ပွဲ နေ့ကတည်းက လာရောက်ဖျော်ဖြေပေးရတာပါ။ ဖွင့်ပွဲနေ့က မနက် ၆ နာရီလာပြီး ညနေ ၃ နာရီလောက်အထိ ဖျော်ဖြေပေးရပါတယ်။ သမီးကတော့ ရခိုင်တိုင်းရင်းသား ရိုးရာဝတ်စုံဝတ်ပြီး ဖျော်ဖြေရေးမှာ ပါဝင်ခွင့်ရရှိခဲ့တာပါ။ ရခိုင်နဲ့ ပတ်သက်ပြီး ရခိုင်ရဲ့ ဝတ်စားဆင်ယင်မှုကို ချစ်မြတ်နိုးပြီး ရခိုင်ရဲ့ ဆံထုံးနဲ့ ရခိုင်တွေပန်တဲ့ ပန်းလေးတွေကို သဘောကျလို့ ရခိုင် တိုင်းရင်းသားရိုးရာဝတ်စုံကို ရွေးချယ်ခဲ့ တာဖြစ်ပါတယ်။ ဒီလိုလူငယ်နဲ့ စာပေ ပွဲတော်ကျင်းပပေးတဲ့အတွက် လူငယ်တွေ အတွက်လည်း အများကြီးအကျိုးရှိပါ တယ်။ အခုခေတ်က ဖုန်းတွေပဲ အသုံးများတော့ အင်တာနက်ကနေ ဂိမ်းတွေပဲတယ်။ စာဘက်မှာ အားနည်းပြီး စာဖတ်တာ နည်းလာတယ်။ ဒါကြောင့် ဒီလိုမျိုး စာပေပွဲတော် လုပ်ပေးတဲ့အတွက် တာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ်။ လက်တွေ့စမ်းသပ်ခန်းတွေမှာ စမ်းသပ်ခွင့်ရတဲ့အတွက် အများကြီး ဝမ်းသာမိ ပါတယ်။ လူငယ်နဲ့ စာပေပွဲတော်တွေကို နောက်နောင်တွေမှာလည်း ဆက်ပြီး လုပ်ပေးစေချင်ပါတယ်။ အခုဒီပွဲတော်မှာ ဖျော်ဖြေရတာကတော့ ဆုန်သင်းပါရ် သီဆိုထားတဲ့ ပြည်ထောင်စု ထာဝရရဲ့အလင်း တန်း သီချင်းနဲ့ ဖျော်ဖြေရတာဖြစ်ပါတယ်။

 

ဟိန်းဇင်နိုင်ဖြိုး