Skip to main content

စာပေဗိမာန် စာမူဆုရစာအုပ်များနှင့် လူငယ်များ အသိပညာတိုးပွားရေးဆိုင်ရာ စာအုပ်များ ထုတ်ဝေဖြန့်ချိ

နေပြည်တော် ဇန်နဝါရီ ၃၀

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က စာပေဗိမာန် စာမူဆုရစာအုပ်များနှင့် ပြည်သူများ ပညာဗဟုသုတ တိုးပွားစေရေးအတွက် မြန်မာစာပေ ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများနှင့် အများပြည်သူ ဗဟုသုတတိုးပွားရေးအတွက် စာကောင်းပေမွန်များကို ထုတ်ဝေလျက်ရှိသည်။

ထိုသို့ ထုတ်ဝေရာတွင် စာပေဗိမာန် စာမူဆု လူငယ်စာပေ ဒုတိယဆုရရှိသည့် စာရေးဆရာမ အေပရယ်ယုနိုင် (ရွှေတောင်) ၏ “မမဆိုသော သမီးကြီး” စာအုပ်၌ မိသားစုတစ်စု၏ အကြီးဆုံးသမီးဖြစ်သူ မိန်းကလေးတစ်ဦး၏ အလုပ်တစ်ဖက်နှင့် ပညာရေးကို ကြိုးပမ်းအားထုတ်ရင်း ညီမငယ်လေးများအတွက် စံပြဖြစ်အောင်ဦးဆောင်ပုံ၊ အစ်မကြီးအမိအရာ ရပ်တည်သွားပုံ၊ ဘဝကို ခက်ခက်ခဲခဲရုန်းကန်ရပုံတို့ကို “နုနုငယ်ငယ်မမ၊ ခယောင်းလမ်းနှင့် ခြေလှမ်းများ၊ အမိအရာ၊ တက္ကသိုလ်ကျောင်းသူကြီး၊ ခြစ်သောအချစ်၊ မမဆိုသောသမီးကြီး၊ မမပန်းတောသူ” စသည့် ခေါင်းစဉ်ခွဲခုနစ်ခုဖြင့် လူငယ်များအားကျအတုယူဖွယ် သရုပ်ဖော်ရေးဖွဲ့ထားသော စာအုပ်ကောင်းတစ်အုပ်ဖြစ်ပြီး ၎င်းစာအုပ်ကို ရောင်းဈေးငွေကျပ် ၂၀၀၀ ဖြင့် ဝယ်ယူနိုင်ပါသည်။

ထို့ပြင် မြန်မာနိုင်ငံရှိ မျိုးဆက်သစ် လူငယ်လူရွယ်များ အတွေးအမြင်၊ အယူအဆများ မှန်ကန်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားရန်နှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အားပေးလမ်းညွှန်မှုပြုနိုင်ရန် ဆရာဒေါက်တာ ခင်မောင်ညိုရေးသားသည့်“လူငယ်နှင့် အကောင်းဆုံး သောဘဝကို တည်ဆောက်ခြင်း”စာအုပ်နှင့် စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ)၏ “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ” စာအုပ်တို့ကို ပြန်လည်ထုတ်ဝေလိုက်သည်။

ဆရာဒေါက်တာ ခင်မောင်ညိုရေးသားသည့် “လူငယ်နှင့် အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း” စာအုပ်၌ လူငယ်များအတွက် အကောင်းဆုံးသောဘဝကို တည်ဆောက်နိုင်မည့် အတွေးအမြင်ခံယူချက် စိတ်ထားနှင့် ဗဟုသုတများတိုးပွားစေရန် ရည်ရွယ်၍ လူငယ်များ အောင်မြင်ဖို့ တည်ဆောက်ခြင်းနှင့် အမြင်များ၊ ရှက်စိတ်၊ ကြောက်စိတ်နဲ့ အောင်စိတ်၊ လူငယ်နှင့် စူးစမ်းလေ့လာမှုများ၊ တာဝန်- လိပ်ပြာသန့်မှု၊ အလှအပဖြင့် ဝင့်ကြွားခြင်း၊ အသုံးကျခြင်းနှင့် နှလုံးလှခြင်း၊ လူငယ်နှင့် သိပ္ပံအတွေး၊ ယုံကြည်စိတ်ချမှုနဲ့ ဘဝအမြင်၊ လူငယ်နဲ့ တက္ကနိုလိုဂျီ စသည်ဖြင့် လူငယ်များအတွက် ခွန်အားဖြည့်ဆောင်းပါးများ စုစုပေါင်း (၂၈) ပုဒ်ပါရှိပြီး တန်ဖိုးငွေကျပ် ၃၀၀၀ ဖြင့် ဝယ်ယူနိုင်ပါသည်။

စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ)၏ “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ” စာအုပ်၌ ကျောင်းသားဘဝကို ဖြတ်သန်းခဲ့သော လူငယ်တစ်ဦးချင်းစီ၏ ဘဝခရီးလမ်းတွင် တင့်တင့် တယ်တယ် လျှောက်လှမ်းနိုင်ရန်အတွက် ပညာအမွေ၊ စိတ်ဓာတ်အမွေများ လက်ဆင့်ကမ်း ပေးရုံမျှမကတစ်ကိုယ်ရေ ကျန်းမာရေးပြည့်စုံဖို့မှသည် ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်အောင် နေထိုင်ဆက်ဆံတတ်ဖို့အထိ ဘက်စုံပျိုး ထောင်ပေးခဲ့သော ဆရာ ဆရာမပေါင်း ရာဂဏန်းအထိရှိပုံနှင့် ကျေးဇူးတရားကြီးမားလှပုံကို ဆရာမောင်ခင်မင် (ဓနုဖြူ)က ကိုယ်တွေ့ဖြစ် ရပ်များဖြင့် ရေးဖွဲ့ထားပါသည်။

ယနေ့သင်ကြားပို့ချနေသော ဆရာ ဆရာမများနှင့် သင်ကြားပို့ချမှုခံယူသော ကျောင်းသား ကျောင်းသူများ၏ စေတနာ၊ ခံယူချက်သဘောထား၊ ကျင့်သုံးဆောင်ရွက်မှု၊ အားထုတ် လုပ်ဆောင်မှုများကို ထပ်ဆင့်၍ အကျိုးရှိစေမည့်အပြင် အနာဂတ်တွင် တိုင်းပြည်တာဝန်ကို ကျရာအခန်း ကဏ္ဍမှ လက်ဆင့်ကမ်း တာဝန်ယူဆောင်ရွက်ကြမည့် မျိုးဆက်သစ်လူငယ်များကို စိတ်ဓာတ်အခြေခံမှအစ ထိန်းသိမ်းတည့်မတ် ပေးနိုင်မည်ဖြစ်ပါသည်။ ဆရာကြီးက ဤသို့သော စေတနာ ရည်ရွယ်ချက်ကောင်းများဖြင့် သုတရသမြောက်စွာ ရေးဖွဲ့ထားသောကြောင့် အိမ်တွင် မရှိမဖြစ်ဆောင်ထားသင့်သည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပြီး တန်ဖိုးငွေကျပ် ၃၅၀၀ ဖြင့် ဝယ်ယူနိုင်ပါသည်။

အဆိုပါစာအုပ်များကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်ရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၆၇၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂- ၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

သတင်းစဉ်