ပစ္စက္ခကာလ မြန်မာ့နိုင်ငံရေးအခြေအနေသည် မြန်မာနိုင်ငံသူ နိုင်ငံသားတို့ မတွေ့လို၊ မကြုံလိုကြသော နိုင်ငံရေးအခြေအနေဖြစ်သည်။ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံး၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သော၊ ငြိမ်းချမ်းသာယာဝပြောသော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တော်ကြီးသို့ ဦးတည်မျှော်မှန်း အကောင်အထည်ဖော်ခဲ့ကြရာတွင် ရွေးကောက်ပွဲများမှ တက်ရောက်လာသည့် အစိုးရများလည်း နှစ်ဆက်ရှိခဲ့သည်။ ဒီမိုကရေစီအစိုးရနှစ်ရပ်တို့၏ သက်တမ်းနှစ်ခုအတွင်း မူဝါဒချမှတ်ပုံ၊ လုပ်ကိုင်ဆောင်ရွက်ပုံများ ကွဲပြားခြားနားမှုကိုလည်း ပြည်သူတို့ မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ကြရသည်။ ၂ဝ၂ဝ ပြည့်နှစ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲတွင် မဲမသမာမှုများနှင့်စပ်လျဉ်း၍ ဖြစ်ပေါ်လာသော မြန်မာ့နိုင်ငံရေးအပြောင်း အလဲတွင် နိုင်ငံကို အလုံးစုံပျက်သုဉ်းရေးဆီသို့ တွန်းပို့နေသည့် အဖျက်အင်အားစုတို့သည် လတ်တလောပေါ်ပေါက်လာခြင်းမဟုတ်ဘဲ ရှေးမဆွကပင် ကြိုတင်စီမံခဲ့သည်ဟု ယူဆဖွယ်ရာ တို့ တွေ့ရသည်။ အထူးသဖြင့် ဆိုရှယ်မီဒီယာနှင့် ပြည်ဖျက်မီဒီယာများ၊ မီဒီယာသမားများကို အသုံးချကာ နိုင်ငံ၏အင်အားစုများကို ပြိုကွဲရန်၊ ပျက်စီးရန် ကြိုးပမ်းမှုများလွန်ခဲ့သည့် နှစ်အနည်းငယ်ခန့်မှ စတင်ပေါ်ပေါက် လာခဲ့ခြင်းဖြစ်ပြီး ၎င်းတို့လိုလားသည့် အစိုးရပေါ်ပေါက် လာသည့် ယနေ့ကာလတွင်လည်း ဆက်လက်၍ တိုင်းပြည်ဖျက်ရေး အားထုတ်နေကြဆဲဖြစ်သည်။
အဖျက်သမားတို့၏ ပထမအဖျက်လုပ်ရပ်မှာ မြန်မာလူမျိုး အများစုတို့၏ ယုံကြည်ကိုးကွယ်မှုအပေါ် ဖျက်ဆီးခြင်းဖြစ်သည်။ ဗုဒ္ဓဘာသာယုံကြည်ကိုးကွယ်မှုသည် မြန်မာတို့၏ ဝိသေသ လက္ခဏာတစ်ရပ်ဖြစ်ခြင်း၊ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာတို့၏ စရိုက်လက္ခဏာနှင့် ဓလေ့ထုံးတမ်း အစဉ်အလာတို့သည် ဗုဒ္ဓဘာသာ၏ အဆုံးအမများ၊ အတွေးအခေါ်များအပေါ်တွင် အခြေခံထား ခြင်းဖြစ်သည့်အတွက် ဘုရား၊ တရား၊ သံဃာတို့အပေါ်သဒ္ဓါကြည်ညိုမှုများ ပျက်ပြားစေခြင်းအားဖြင့် ယဉ်ကျေးမှုအခြေခံတို့ကိုပါ ပျက်စီးစေရန် ရည်ရွယ်ခြင်းဖြစ်သည်။ နောက်ထပ်အဖျက် လုပ်ရပ်မှာ မျိုးချစ်စိတ်ဓာတ်ကို ဖျက်ဆီးခြင်းဖြစ်သည်။ မျိုးချစ်စိတ်ဓာတ် (အမျိုး-ဘာသာ-သာသနာ)ဟူသည် ကျဉ်းမြောင်းသောစိတ်ဓာတ်၊ အစွန်းရောက်စိတ်ဓာတ်၊ ဖက်ဆစ်စိတ်ဓာတ်ဟူသော တလွဲအဓိပ္ပာယ်ဖွင့်ဆိုမှုများဖြင့် သေးသိမ်စေကာယင်း စိတ်ဓာတ်ကြောင့် ခေတ်နောက် ပြန် ဆွဲစေသည်ဟူသော အတွေးအခေါ်အမှားကို ဗဟုသုတအားနည်းသူများအား ရိုက်သွင်းခြင်း ပင်ဖြစ်သည်။ အဖျက်သမားတို့၏ နောက်ထပ်အဖျက်လုပ်ရပ်မှာ စည်းလုံးညီညွတ်မှုကို ဖျက်ဆီးခြင်းဖြစ်သည်။ ယင်းလုပ်ရပ်သည် နယ်ချဲ့ဝါဒီ လက်ဟောင်းလက်သစ်တို့၏ အကြိုက်ဖြစ်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပျက်ပြားစေရန်အလို့ငှာ မြန်မာနိုင်ငံတွင် လူမျိုးကြီးဝါဒကျင့် သုံးနေသယောင်၊ လူမျိုးတစ်မျိုးကကျန်လူမျိုးတို့အပေါ် အနိုင်ကျင့်ဗိုလ်ကျနေသယောင် နယ်ချဲ့တို့၏ လုပ်နည်းလုပ်ဟန်ဖြင့် ဝါဒဖြန့်ပေးနေ ခြင်းပင်ဖြစ်သည်။ အမှန်စင်စစ် လူမျိုးကြီးဝါဒသည် နယ်ချဲ့သမားတို့က အိန္ဒိယ၊ မြန်မာ စသည့် နိုင်ငံတို့ကို ကျူးကျော်ဝင်ရောက် အုပ်စိုးခဲ့စဉ်က ကျင့်သုံးခဲ့ဖူးသော ဝါဒတစ်ရပ်သာဖြစ်ပြီး ကိုလိုနီနယ်မြေများပေါ်မှ ၎င်းတို့ ဆုတ်ခွာသွားချိန်တွင် ၎င်းတို့နှင့်အတူ ပြန်ပါသွားခဲ့ပြီဖြစ်သည်။
စင်စစ်အားဖြင့် ယုံကြည်ကိုးကွယ်မှု ဘာသာတရား၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများ၊ မျိုးချစ်စိတ်ဓာတ်၊ စည်းလုံးညီညွတ်မှု၊ နိုင်ငံရေးစံတန်ဖိုးများ စသည်တို့သည် နိုင်ငံတစ်နိုင်ငံ၏ ပါဝါအရင်းအမြစ်များပင်ဖြစ်သည်။ ပါဝါအရင်းအမြစ်များ ပျက်စီးယိုယွင်းသွားသည့် အခါယင်း နိုင်ငံသည် ပါဝါကျဆင်းသည့် နိုင်ငံ၊ ကမ္ဘာ့အလယ်တွင် မတင့်တယ်သည့်နိုင်ငံ၊ မလေးစားမခန့်ညားစရာ မလောက်လေးမလောက်စား နိုင်ငံဘဝသို့ ကျရောက်ရမည်ဖြစ်သည်။ ယုံကြည် ကိုးကွယ်မှု ဘာသာတရားတို့ကို မြှင့်တင်ခြင်း၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတို့ကို ထိန်းသိမ်း စောင့်ရှောက်ခြင်း၊ စည်းလုံးညီညွတ်မှုတို့ ခိုင်မြဲစေခြင်းတို့သည် ပြည်သူတို့၏ အရာသာဖြစ်ပြီး သက်ရှင်သန်နေဆဲ မျိုးဆက်တို့၏ တာဝန်ဖြစ်သည့်အလျောက်ထက်ထက်သန်သန်၊ ကျေကျေ ပွန်ပွန် ထမ်းဆောင်နိုင်ကြပါစေကြောင်း။ ။
မြန်မာ့အလင်း အယ်ဒီတာ့အာဘော်