Skip to main content

ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်

ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါနှင့် မျိုးရိုးဗီဇပြောင်းရောဂါပိုးသစ် ဖြစ်ပွားနေဆဲဖြစ်သည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ကာကွယ် ထိန်းချုပ်၊ ကုသရေးကို တက်ညီလက်ညီကြိုးပမ်းဆောင်ရွက်လျက်ရှိသောကြောင့် ရောဂါဖြစ်ပွားနှုန်း မြင့်တက်လာခြင်း မရှိဘဲ ထိန်းချုပ်နိုင်သည့်အဆင့်တွင် ရှိနေသည်။ မျိုးရိုးဗီဇပြောင်းရောဂါပိုးသစ်နှင့် ပတ်သက်၍လည်း ဂရုတစိုက်အလေးထား စောင့်ကြည့်ဆောင်ရွက်လျက်ရှိသည်။

ကျန်းမာရေးဝန်ကြီးဌာနသည် “ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုး စောင့်ကြည့်ခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၂၈ ရက်တွင် မြန်မာနိုင်ငံ၌ အိုမီခရွန်ရောဂါပိုးရှိသူကို စတင်တွေ့ရှိခဲ့သည်။ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူများမှ မျိုးရိုးဗီဇပြောင်းရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီ ၁၅ ရက်တွင် အိုမီခရွန်ရောဂါပိုးရှိသူ ၁၀ ဦးထပ်မံတွေ့ရှိခဲ့သည်။ ရောဂါပိုးတွေ့သူများတွင် မိသားစုဝင်နှစ်ဦးမှာ ပိုးတွေ့သူမှတစ်ဆင့် ကူးစက် ခံရခြင်းဖြစ်သည်။ အိုမီခရွန်ရောဂါပိုးတွေ့ရှိသူများမှတစ်ဆင့် အခြားသူများသို့ ကူးစက်ခြင်း မရှိစေရန် ရောဂါဖြစ်ပွားသည့်လူနာများနှင့် ပတ်သက်သော မိသားစုဝင်များအနေဖြင့် ကျန်းမာရေးစည်းကမ်းနှင့်အညီ သတိပြုနေထိုင်ကြရန်လိုအပ်သည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေဆဲဖြစ်သော ကိုဗစ်-၁၉ ရောဂါကို ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဖြင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသည်။ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျလိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံမှုခံယူခြင်း လုပ်ငန်းများတွင် အထူးအလေးထား ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် လိုအပ်ပါသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးကို ဆောင်ရွက်ရာတွင် ကာကွယ်ဆေးအကြိမ် ပြည့်ထိုးနှံထားခြင်းသည် ထိရောက်သောအကျိုးကျေးဇူးများရှိ၍ ကာကွယ်ဆေးမထိုးရသေးသူများ မပျက်မကွက်ထိုးနှံကြရန် လိုအပ်သည်။ မြန်မာနိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ ဇန်နဝါရီ ၁၁ ရက်အထိလူဦးရေ ၂၁ သန်းကျော်အား ထိုးနှံပေးပြီးဖြစ်သည်။ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးပြီးသူ ၁၇ သန်းခန့်နှင့် ပထမအကြိမ်ထိုးနှံပြီးသူ လေးသန်းကျော်ရှိနေပြီဖြစ်သည်။ လက်ရှိတွင် ကာကွယ်ဆေးများလည်း ထပ်မံရောက်ရှိနေပြီး ကျန်ရှိနေသူများ ဆက်လက်ထိုးနှံမှုခံယူသွားကြရမည် ဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်နှင့် ပတ်သက်၍ ရောဂါဖြစ်ပွားမှုများကို မျက်ခြည်မပြတ် စောင့်ကြပ်ကြည့်ရှုစစ်ဆေးလျက်ရှိပြီး ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ခြင်း၊ အသွားအလာကန့်သတ်၍ သီးခြားခွဲခြားထားရှိရာနေရာများနှင့် အောက်ဆီဂျင်အပါအဝင် ဆေးနှင့်ဆေးပစ္စည်းများ ကြိုတင်ပြင်ထားခြင်း၊ နှီးနွယ်ဝန်ကြီးဌာနများ၊ ဒေသအာဏာပိုင်အဖွဲ့ အစည်းများ၊ အလှူရှင်များ၊ စေတနာ့ဝန်ထမ်းများနှင့်အတူ ပြည်သူများ၏ပူးပေါင်း ပါဝင်ဆောင်ရွက်မှုများဖြင့် ဘက်ပေါင်းစုံမှ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။

ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ လမ်းညွှန်ထားသော ကျန်းမာရေးစည်းမျဉ်း စည်းကမ်းများကိုတိတိကျကျ လေးလေးစားစားလိုက်နာပြီး တက်ကြွစွာဆက်လက်ပါဝင် ဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံပါသည်။ ထို့အပြင် အလှည့်ကျရရှိလာသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို မပျက်မကွက် အကြိမ်ပြည့်ခံယူရန်နှင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများကို ကာကွယ်ဆေးထိုးနှံပေးနိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနသို့ ဆက်သွယ်ပို့ဆောင်ပေးခြင်း စသည်တို့ကို မမေ့မလျော့သတိပြု၍ ဆောင်ရွက်ကြပါရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနက အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်နေသည့် လုပ်ငန်းများတွင် ကျရာ ကဏ္ဍမှ တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းအပ်ပါသည်။

သို့ဖြစ်ရာ အိုမီခရွန်ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးနှင့် ပတ်သက်၍ မိဘပြည်သူများအနေဖြင့် အလွန်အမင်းစိုးရိမ်ကြောင့်ကြခြင်းမဖြစ်ဘဲ တစ်ဦးချင်းအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အခြေခံစည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာခြင်း၊ ရောဂါလက္ခဏာသံသယရှိသူများ အနေဖြင့် နီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်းသတင်းပို့ခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်းတို့ကို မပျက်မကွက်ပြုလုပ်ကြခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ အန္တရာယ်ကို ပြည်သူများအားလုံး ကျော်လွှားလွတ်မြောက်နိုင်မည် ဖြစ်ပါကြောင်း။   ။