Skip to main content

ကျွန်းစုမြို့နယ် ဒေသခံများအနေဖြင့် မိမိတို့၏ ရှိရင်းစွဲ လုပ်ငန်းများဖြင့် ရောင့်ရဲတင်းတိမ်နေ၍မရဘဲ လူနေမှုဘဝအဆင့်မြှင့်တင်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်

နေပြည်တော် ဇန်နဝါရီ ၁၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မြို့မိမြို့ဖများအား ယနေ့နံနက်ပိုင်းတွင် ကျွန်းစုမြို့၊ မြို့တော်ခန်းမ၌ တွေ့ဆုံပြီး ဒေသဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာများနှင့် ပတ်သက်၍ အမှာစကား ပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊  ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ကျွန်းစုမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ကျွန်းစုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဝင်းက ဒေသဆိုင်ရာ အချက်အလက်များ၊ မွေးမြူရေးလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများနှင့် ဒေသဝမ်းစာအတွက် စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်မှု အခြေအနေများ၊ ရာဘာ၊ အုန်းနှင့် ဆီအုန်းပင် စိုက်ပျိုးထားရှိမှု အခြေအနေများ၊ ရေထွက်သယံဇာတများ ထုတ်လုပ်မှုနှင့် မွေးမြူရေး ဆောင်ရွက်နေမှု အခြေအနေများ၊ ဒေသတွင်း လျှပ်စစ်မီးသုံးစွဲမှု အခြေအနေများ၊ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိစေရေး ကွင်းဆင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ကျန်းမာရေး၊ ပညာရေးဆိုင်ရာ ဖြည့်ဆည်း ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဆလုံလူမျိုးများအား လိုအပ်သည်များကို ထောက်ပံ့ပေးလျက်ရှိသည့် အခြေအနေများ၊ ဒေသတွင်းရှိ ကျွန်းများသို့ ပြည်တွင်း၊ ပြည်ပမှ ခရီးသွားများ လာရောက်လည်ပတ်မှုနှင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများ၊ ပုလဲလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ဒေသတွင်း လိုအပ်ချက်များကို တင်ပြသည်။

ထို့နောက် ရှင်းလင်းတင်ပြမှုများ၊ ဝန်ကြီးဌာနအသီးသီး၏ လုပ်ဆောင်နေမှု အခြေအနေများနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများက ဆွေးနွေးပြောကြားရာတွင် မြိတ်-ထားဝယ်-ကော့သောင်း လေကြောင်းခရီးစဉ်များကို ပြန်လည်ဖွင့်လှစ်ပေးထားသည့် အခြေအနေများနှင့် ကျွန်းပတ်လေကြောင်း ခရီးစဉ်များ လာမည့် ရက်သတ္တပတ်အတွင်း ပြန်လည်ပြေးဆွဲပေးနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ရေကြောင်းခရီးစဉ်များ အဆင်ပြေချောမွေ့စွာဖြင့် ဘေးအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေး၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးတို့အတွက် ရေကြောင်း ထိန်းသိမ်းရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ဒေသတွင်း ပြည်တွင်း၊ ပြည်ပများမှ ခရီးသွားများ လာရောက်မှုကို ထိရောက်စွာ အသုံးချ၍ ဒေသထွက်ကုန်၊ ထုတ်ကုန်များကို အရည်အသွေးပြည့်မီသည့် ရောင်းကုန်များအဖြစ် လုပ်ဆောင်နိုင်မည်ဆိုပါက ဒေသတွင်းစီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူ ဖြစ်စေနိုင်သည့် အခြေအနေများ၊ ဒေသဝမ်းစာဖူလုံရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ နည်းစနစ်များနှင့် အသေးစား စက်မှုလုပ်ငန်းများအတွက် လိုအပ်သည့် အရင်းအနှီးများကို မတည် ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများ၊ ဒေသတွင်း ပုလဲ၊ ခဲမဖြူ၊ အဖြိုက်နက်၊ ငှက်သိုက် ထုတ်လုပ်မှု အခြေအနေများနှင့် ကျွန်းများကို အခြေပြု၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို လုပ်ဆောင်နိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများနှင့် ပတ်သက်၍ ပြောကြားရာတွင် ဒေသဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာများကို ဆွေးနွေး ပြောကြားလို၍ တနင်္သာရီ တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များသို့ လာရောက်ခြင်းဖြစ်ကြောင်း၊ ကျွန်းစုမြို့နယ်တွင် ကျေးလက်နေ လူဦးရေများပြားပြီး မွေးမြူရေးနှင့် ရေလုပ်ငန်းကို အဓိကထား လုပ်ဆောင်ကြသည်ကို တွေ့ရှိရကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက်၍ မြို့ပေါ်နေသူများတွင် တိုးတက်မှုအချို့ ရှိနိုင်သည်ဟုဆိုသော်လည်း ဖွံ့ဖြိုးတိုးတက်မှု များစွာ လိုအပ်နေသည်ကို တွေ့ရှိရကြောင်း၊ ဒေသခံများအနေဖြင့် မိမိတို့၏ ရှိရင်းစွဲ လုပ်ငန်းများဖြင့် ရောင့်ရဲတင်းတိမ်နေ၍ မရဘဲ လူနေမှုဘဝအဆင့်မြှင့်တင်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်မည် ဖြစ်ကြောင်း။

ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ရာတွင် အသိပညာ၊ အတတ်ပညာဖြင့် ပြည့်စုံသည့် လူသားအရင်းအမြစ်များ ရှိရန် လိုအပ်သည့်အတွက် ပညာရေးကို အားပေးကြရန်လိုအပ်မည် ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ကျောင်းသား၊ ကျောင်းသူ များ ပညာသင်ကြားနိုင်ရေးအတွက် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များကို ပြန်လည်ဖွင့်လှစ် ပေးထားကြောင်း၊ ပညာရေးသည် တစ်ဦးချင်း၏ လိုအပ်ချက်ဖြစ်ပြီး နိုင်ငံတော်အနေဖြင့် ပညာတတ်များ လိုအပ်ကြောင်း၊ ကလေးငယ်များ ပညာသင်ကြားခြင်းသည် ၎င်းတို့၏ ဘဝရပ်တည်ရေးနှင့် တိုးတက်ရေးအတွက်ဖြစ်ပြီး အစိုးရအတွက် အဓိက မဟုတ်ပါကြောင်း၊ ကျောင်းနေအရွယ်ကလေးငယ်တိုင်း ကျောင်းတက်ရောက် စေရေး မိဘများမှ တွန်းတွန်းတိုက်တိုက်ဖြင့် ဆောင်ရွက်စေလိုကြောင်း၊ သက်ဆိုင်ရာ ကဏ္ဍများအလိုက်လုပ်ငန်းများ ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အတန်းပညာ များရှိရန်လိုအပ်ကြောင်း၊ ပညာသင်ကြားရေး အတွက် ယခုထက်ပိုမို၍ တွန်းအားပေး ဆောင်ရွက်ကြရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် တစ်ဦးချင်းနှင့် ဒေသဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း။

ဒေသတွင်း ဝမ်းစာဖူလုံမှုနှင့် ပတ်သက်၍ လိုအပ်ချက်များ ရှိနေသည်ကို တွေ့ရှိရပြီး စိုက်ဧရိယာများ တိုးချဲ့ခြင်းထက် အထွက်နှုန်းမြင့်မားရေးကို ဆောင်ရွက်ကြစေလိုကြောင်း၊ လိုအပ်သည့် အခြေခံစားကုန်ပစ္စည်းများကို ပြင်ပမှ ဝယ်ယူသုံးစွဲရာတွင် လမ်းခရီး အခက်အခဲများကြောင့် ကုန်ဈေးနှုန်းကြီးမြင့်နိုင်မည်ဖြစ်သဖြင့် မိမိတို့ဒေသတွင်း၌ပင် စိုက်ပျိုးထုတ်လုပ်နိုင်ရေး ကြိုးပမ်း လုပ်ဆောင်ကြစေလိုကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ဒေသအလိုက် ဝမ်းစာဖူလုံရေးအတွက် စားရေရိက္ခာဖူလုံရေးကို ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်း။

စီးပွားရေးနှင့်ပတ်သက်၍ ရေလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျွန်းစုဒေသ၌ ကုန်ချောအဆင့်အထိ ထုတ်လုပ်နိုင်မည်ဆိုပါက ပိုမို အကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း၊ မြိတ်ဒေသတွင် ရာဘာနှင့် အုန်းများ စိုက်ပျိုးဖြစ်ထွန်းပြီး အီကွေတာနှင့် နီးကပ်သောနိုင်ငံအချို့တွင် အုန်းစိုက်ပျိုးမှုများအား စနစ်တကျ စိုက်ပျိုး၍ ကုန်ပစ္စည်း ထုတ်လုပ်မှုများအား စီးပွားဖြစ်ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ အနေဖြင့်လည်း အုန်းကို စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်နိုင်ရေး အဆင့်မြင့်အုန်းထွက်ကုန်များ ဆောင်ရွက်ရန်လိုပြီး လိုအပ်သည်များကို နိုင်ငံတော်မှ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့ကဏ္ဍအလိုက်ယခုထက် ပိုမိုတိုးတက်အောင်ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း၊ သဘာဝ အရင်းအမြစ်များ၊ သယံဇာတများကို အသုံးချ၍ ဆောင်ရွက်မည်ဆိုပါက ကျွန်းစုမြို့နယ်သည် ယခုထက် ပိုမိုဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပြီး လိုအပ်သည့် နည်းပညာများကို ဖြည့်ဆည်းဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊
ကြီးပွားတိုးတက်လိုစိတ်ရှိပါက ကြိုးစားအားထုတ်မှုရှိရမည်ဖြစ်ပြီး မိမိတို့၏ ကာယစွမ်းအား၊ ဉာဏစွမ်းအားများကို မှန်မှန်ကန်ကန်အသုံးချ၍ ကြီးပွားတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် လိုကြောင်း၊ ထိုသို့ကြိုးစားဆောင်ရွက်မည်ဆိုပါက တစ်ဦးချင်းဘဝ တိုးတက်အောင်မြင်ပြီး ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်း အထောက်အကူ ဖြစ်လာစေမည်ဖြစ်ကြောင်း။

ဒေသတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသွားလုပ်ငန်းများအား ခွင့်ပြုပေးထားကြောင်း၊ ပြည်တွင်း၊ ပြည်ပ ခရီးသွားများ ဆွဲဆောင်နိုင်ရေးအတွက် ဝန်ဆောင်မှုများအား အဆင့်မီစွာဖြင့် ပြင်ဆင်ဆောင်ရွက်ထားရန်လိုပြီး အောင်မြင်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ လျှပ်စစ်ထုတ်လုပ်မှုနှင့် ပတ်သက်၍ ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ရေး Survey လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း၊ အလားတူ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်နှင့် လေအားလျှပ်စစ် ဓာတ်အား ထုတ်လုပ်ခြင်းကိုလည်း ဆောင်ရွက်ခြင်းဖြင့် ကျွန်းစုဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထိုက်အလျောက် အထောက်အကူပြုမည်ဖြစ်ကြောင်း။

ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်မတော်၊ ရပ်မိ ရပ်ဖများနှင့် ဒေသခံများ စည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်း၍ တိုင်ပင်ဆွေးနွေး ဆောင်ရွက်မည် ဆိုပါက များစွာ အကျိုးဖြစ်ထွန်းစေနိုင်မည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် ကျွန်းစုဒေသကို ယခုထက် များစွာ ပိုမိုတိုးတက်စေလိုသည့်အတွက် တိုက်တွန်း အကြံပြု ပြောကြားခြင်းပင်ဖြစ်ကြောင်းနှင့် ကျွန်းစုမြို့ပေါ်မှ ဦးဆောင်၍ ဒေသ ဖွံ့ဖြိိုးတိုးတက်ရေးကို ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကျွန်းစုမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများအတွက် စားသောက်ဖွယ်ရာများနှင့် လူသုံးကုန်ပစ္စည်းများကို ထောက်ပံ့ပေးအပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးက လက်ခံရယူသည်။ 

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်