Skip to main content

အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များ အကျဉ်းထောင်၊ ကုန်ထုတ်စခန်းနှင့် အချုပ်ခန်းတို့ကို ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇန်နဝါရီ ၁၄

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးနှင့် ဦးပေါ်လွင်စိန်တို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေး ရေးအဖွဲ့သည် ဇန်နဝါရီ ၁၂ ရက်မှ ၁၄ ရက်အထိ တနင်္သာရီတိုင်းဒေသကြီးရှိ မြိတ်အကျဉ်းထောင်၊ ကျောက်ဖြူတောင် ကုန်ထုတ်စခန်း၊ ဆင်ဖြူရှင် စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်း၊ မြိတ်မြို့ပေါ်ရှိ မြို့မရဲစခန်း အချုပ်ခန်းနှင့် တရားရုံးအချုပ်ခန်း တို့ကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးရာတွင် ကော်မရှင်ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ အကျဉ်းသား၊ အချုပ်သားများကို အုပ်စုလိုက်ခွဲ၍ တွေ့ဆုံကာ အကျဉ်းသားတစ်ဦး၏ အနိမ့်ဆုံးရရှိမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု ရှိ မရှိ၊ ထောင်ဝင်စာပစ္စည်းများ စုံလင်စွာရရှိခြင်း ရှိ မရှိ၊ အသုံးအဆောင်ပစ္စည်းများ ရရှိခြင်းရှိ မရှိ၊ ညှဉ်းပန်းနှိပ်စက်မှု ရှိ မရှိ စသည်တို့ကို မေးမြန်း မှတ်တမ်းတင်ခြင်း၊ တစ်ဦးချင်းတွေ့ဆုံလိုသူ အကျဉ်းသား/ အချုပ်သားများကို သီးခြားတွေ့ဆုံကာ ယင်းတို့၏ တင်ပြချက် များကို မှတ်တမ်းတင်ခြင်းနှင့် ယခင်က ကြည့်ရှုစစ်ဆေးသည့် အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

အကျဉ်းထောင်နှင့် ကုန်ထုတ်စခန်းများကို ဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား/ အချုပ်သားများ၏ အိပ်ဆောင်များ၊ တိုက်ခန်းများ၊ ဆေးရုံဆောင်၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာစတို၊ သောက်ရေသန့်စက်နှင့် သုံးရေကန်များ၊ မိလ္လာများကို လည်းကောင်း၊ ရဲစခန်းအချုပ်ခန်းများကို ကြည့်ရှုစစ်ဆေးစဉ် အချုပ်ခန်းအတွင်း သန့်ရှင်းရေး၊ မိလ္လာများ သန့်ရှင်းရေးနှင့် သောက်သုံး ရေသုံးစွဲရမှု၊ လိုအပ်သည့် ဆေးဝါးများနှင့် ထားရှိသင့်သည့် ဆေးကိရိယာပစ္စည်းများ လုံလောက်စွာရရှိမှုနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။ ။

ယင်းအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်အပေါ် အခြေခံ၍ လိုအပ်သလို စိစစ်ဆောင်ရွက်ပေးနိုင်ရေးအတွက် အကြံပြုချက်များ ကို သက်ဆိုင်ရာဌာနများသို့ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်