Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ဘုတ်ပြင်းတပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြား

 နေပြည်တော်၊ ဇန်နဝါရီ - ၁၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင် နှင့် တာဝန်ရှိသူတို့ လိုက်ပါ၍ ယနေ့ ညနေပိုင်းတွင် ဘုတ်ပြင်းတပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုဝင်များအား သွားရောက် တွေ့ဆုံအမှာစကားပြောကြားသည်။

အမြဲလေ့ကျင့်ဆောင်ရွက်နေကြရမည်

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကား ပြောကြားရာတွင် တပ်မတော်၏ အဓိကတာဝန်ဖြစ်သည့် နိုင်ငံတော် ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရာတွင် စွမ်းရည်စွမ်းအားရှိသည့် တပ်မတော် သားများ၊ တပ်ရင်းတပ်ဖွဲ့များဖြစ်စေရေး အမြဲလေ့ကျင့်ဆောင်ရွက်နေကြရမည် ဖြစ်ကြောင်း၊ အမိန့်နာခံတတ်မှုသည် စစ်သားကောင်း တစ်ယောက်ဖြစ်ရန်အတွက် အခြေခံကောင်းတစ်ခုပင်ဖြစ်ပြီး စစ်သည်တိုင်းတစ်ဦးချင်း လိုက်နာ ရမည့် ကျင့်ဝတ်အပါး ၆၀ ကို မှန်မှန်ကန်ကန်ဖြင့် လိုက်နာဆောင်ရွက်မည်ဆိုပါက စွမ်းရည်သုံးရပ် ပြည့်စုံသည့် စစ်သားကောင်းတစ်ယောက်ဖြစ်လာမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးတာဝန် နှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်ကြရသူများဖြစ်သည့်အတွက် စစ်ဆင်ရေး လုပ်ငန်းများ ဆောင်ရွက်စဉ် ထိခိုက်မှုများရှိနိုင်မည်ဖြစ်သောကြောင့် မိမိတို့တစ်ဦးချင်း၏ ဘေးအန္တရာယ် ကင်းရှင်းစေရေး သင်တန်းကျောင်းများမှ သင်ကြားပေးလိုက်သည့် စစ်ပညာများကို လက်တွေ့ နယ်ပယ်တွင် အကျိုးရှိစွာ အသုံးချရန်နှင့် ပေးအပ်လာသည့် အမိန့်နှင့် တာဝန်ကို ကျေပွန်စွာ အကောင်အထည်ဖော်နိုင်ရမည်ဖြစ်ကြောင်း။

တိုက်တွန်းချက်နှင့် တားမြစ်ချက်များ

စစ်စည်းကမ်းသည် တိုက်တွန်းချက်နှင့် တားမြစ်ချက်များပင်ဖြစ်ပြီး မဖြစ်သင့် သည်များကို မဖြစ်စေရန်၊ စည်းကမ်းကျနပြီး စစ်သားပီသသည့် နေထိုင်သွားလာ လှုပ်ရှားမှုမျိုး ဖြစ်စေရန် ချမှတ်ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများဖြစ်သဖြင့် အမှန်တကယ် လိုက်နာ ဆောင်ရွက်မည်ဆိုပါက တစ်ဦးတစ်ယောက်ချင်းစီအတွက် အကျိုးရှိစေ နိုင်မည်ဖြစ်ကြောင်း။

မျိုးဆက်သစ်များ မွေးထုတ်ပေး

တပ်မတော်သားများ၊ မိသားစုဝင်များ၏ ပညာရည်မြင့်မားရေးနှင့် ပတ်သက်၍ တပ်မတော် တစ်ရပ်လုံးတွင် မူလတန်းပညာပြီးမြောက်အောင်မြင်စေရေး တပ်မတော် ပညာရေးကျောင်းများတွင် သင်ကြားပေးခဲ့ပြီးဖြစ်ပြီး တစ်ဆင့်မြင့်သည့် အတန်းပညာများကို ဆက်လက်သင်ကြားနိုင်ရေး အတွက်လည်း စီစဉ်ဆောင်ရွက်ပေးထားကြောင်း၊ ထို့ကြောင့် မိမိဘဝတိုးတက်ရေး၊ အသိပညာ မြင့်မားရေးအတွက် မိမိတို့တစ်ဦးချင်း ကိုယ်တိုင် ကြိုးစားအားထုတ်ခွင့်ရှိသဖြင့် ကြိုးစားဆောင်ရွက် ကြစေလိုကြောင်း၊ မိမိတို့ကိုယ်တိုင် စာပေဖတ်ရှုလေ့လာရန်၊ ဗဟုသုတ စာပေများကို ဆည်းပူးရန် လိုအပ်သကဲ့သို့ မိမိတို့၏ သားသမီးများကို ပညာတတ်များဖြစ်စေရေးအတွက် ပညာရေး ကိုအားပေးရန် လိုအပ်မည်ဖြစ်ပြီး အသိပညာအတတ်ပညာနှင့် ပြည့်စုံသည့် မျိုးဆက် သစ် များကို မွေးထုတ်ပေးနိုင်ရမည်ဖြစ်ကြောင်း။

နိုင်ငံတော်၏လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရာ၌ နိုင်ငံတော်နှင့် တပ်မတော်က အားထားရသူများဖြစ်စေရေးအမြဲ ကြိုးပမ်း ဆောင်ရွက် နေကြရမည်ဖြစ်ကြောင်း၊ မိမိတပ်၏ ကောင်းရာကောင်းကျိုးများကို တစ်ဦးချင်း အသိသတိဖြင့် ဆောင်ရွက်ခြင်းဖြင့် တပ်မတော်နှင့် နိုင်ငံတော်၏ ကောင်းရာ ကောင်းကျိုးများကိုလည်း မိမိတို့ တတ်စွမ်းသည့်ဘက်မှ ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းဖြင့် မှာကြားသည်။

လက်ခံရယူ

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် သည် အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများ ကို ပေးအပ်ရာ ခေတ္တတပ်နယ်မှူးက လက်ခံရယူသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည် မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သတင်း ရရှိသည်။ 

သတင်းစဉ်