Skip to main content

ထီးချိုင့်မြို့နယ် မရသိမ်ကျေးရွာရှိ စာသင်ကျောင်းအတွင်း ဝင်ရောက်စခန်းချ၍ အဖျက်အမှောက်လုပ်ငန်းများ ဆောင်ရွက်နေသည့် PDF အမည်ခံ အကြမ်းဖက်သမားများအား ဝင်ရောက်ဖမ်းဆီး

နေပြည်တော် ဇန်နဝါရီ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်အတွင်း  အဖျက်အမှောက်လုပ်ငန်းများ လုပ်ဆောင်ရန် အတွက် PDF အမည်ခံ အကြမ်းဖက်သမားများက မရသိမ် ကျေးရွာ အခြေခံပညာ မူလတန်းကျောင်းအတွင်း စခန်းချအခြေပြုလျက်ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့တွင် သွားရောက်ချေမှုန်း ဖမ်းဆီးခဲ့သည်။

ဖြစ်စဉ်မှာ PDF အမည်ခံ အကြမ်းဖက်သမားသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၊ မရသိမ်ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းအတွင်း စခန်းချ အခြေပြု အကာအကွယ်ရယူ၍ အကြမ်းဖက်လုပ်ရပ်များကို ဆောင်ရွက်ရန် ပြင်ဆင်နေကြောင်း ဆူပူအကြမ်းဖက်မှုကို မလိုလားသည့် ကျေးရွာသားအချို့က ကျေးရွာအနီးဆုံးရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက် ဆက်သွယ်အကြောင်းကြား သတင်းပို့လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့နံနက် ၁၀ နာရီခန့်တွင် အဆိုပါကျေးရွာသို့ သွားရောက်၍ လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ  PDF အမည်ခံ အကြမ်းဖက်သမားများက ၎င်းတို့အကာအကွယ်ရယူထားသော စာသင်ကျောင်းအတွင်းမှ လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ကြီး/လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများသည်  နေ့လယ် ၁၂ နာရီခန့်တွင် ကျေးရွာ၏ တောင်ဘက်သို့ ဖရိုဖရဲ ဆုတ်ခွာထွက်ပြေးသွားခဲ့ သည်။
  
အဆိုပါအကြမ်းဖက်သမားများ ပစ်ခတ်တိုက်ခိုက်ခဲ့သည့် စာသင်ကျောင်းအား လုံခြုံရေး တပ်ဖွဲ့ဝင်များက ဝင်ရောက်စစ်ဆေးခဲ့ရာ အကြမ်းဖက်သမားများသည် စာသင်ကျောင်း အတွင်း/အပြင်၌ ခြံစည်းရိုးပတ်လည်အား သဲအိတ်များ ကာရံခြင်း၊  မိုင်းများ ထောင်ထားခြင်း၊ သဲအိတ်ဘန်ကာများ တည်ဆောက်ခြင်း၊ အကြမ်းဖက် လေ့ကျင့်ရေးကွင်းများ ဖောက်လုပ်ခြင်း များပြုလုပ်၍ စာသင်ကျောင်းအား အခိုင်အမာ စခန်းတည်ဆောက်ထားသည်ကို တွေ့ရှိရပြီး ၎င်းတို့ထံမှ တစ်တောင့်ထိုး သေနတ်တစ်လက်၊ တူမီးသေနတ်ခုနစ်လက်၊ လက်လုပ်သေနတ် နှစ်လက်၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၂၁ လုံး၊ လက်လုပ်သံကိုယ်ထည်ဆွဲမိုင်း ခုနစ်လုံး၊ လေ့ကျင့်ရေးသေနတ် ၃၂ လက်၊ အကြမ်းဖက် လက်နက်များပြုလုပ်ရန် ပြင်ဆင်ထားသည့် တွင်ခုံတစ်ခု၊ မော်တော်ဆိုင်ကယ် ခြောက်စီး၊ TNT ယမ်းများ၊ ဖောက်ခွဲဖျက်ဆီးရာတွင် အသုံးပြုသည့် သံတိုသံစများနှင့် သံပိုက်လုံးများ၊ ပြောက်ကျားယူနီဖောင်းများနှင့် အသုံးအဆောင် ပစ္စည်းများအား သိမ်းဆည်းရမိခဲ့သည်။

အရေးယူဆောင်ရွက်သွားမည်

အကြမ်းဖက်သမားများအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပညာရေးဆိုင်ရာ အဆောက်အဦများနှင့် ကျေးရွာများအတွင်း လူနေအိမ်များကို အကာအကွယ် ရယူ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း၊ ကျောင်းသူ/ကျောင်းသားများ ပညာသင်ကြားရေးအတွက် အသုံးပြုနေသည့် စာသင်ကျောင်း များအား သိမ်းပိုက်၍ ရည်ရွယ်ချက်ရှိစွာဖြင့် စခန်းချအခြေပြု အကာအကွယ်ယူ တိုက်ခိုက် ခြင်းများသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု(War Crime) ကျူးလွန်ရာရောက်ပြီး အဆိုပါ စစ်ရာဇဝတ်မှုများအတွက် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီးနှင့်သက်ဆိုင်ရာ တည်ဆဲဥပဒေများဖြင့် ၎င်းတို့အပေါ် ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။

ပူးပေါင်းပါဝင်


အကြမ်းဖက်သမားများအနေဖြင့် ကျေးရွာအချို့အတွင်းဝင်ရောက်၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိခြင်းကြောင့် ဒေသခံပြည်သူများ အေးချမ်း တည်ငြိမ်စွာ နေထိုင်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့များက နယ်မြေလုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက် ရှိကြောင်းနှင့် အကြမ်းဖက်အဖွဲ့များ၏ ဝင်ထွက်သွားလာမှု သတင်းများ ရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေး၍ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းပါဝင်ကြရန် မေတ္တာရပ်ခံထားကြောင်း သိရသည်။

သတင်းစဉ်