Skip to main content

စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော် ကျင်းပရေး လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်   ဇန်နဝါရီ    ၁၂

စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော် ကျင်းပရေး လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေး ခန်းမ၌ကျင်းပရာ အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဦးရဲတင့်၊ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသော ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ လုပ်ငန်းကော်မတီ အတွင်းရေးမှူးနှင့် လုပ်ငန်းကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးရဲတင့်က လူငယ်နှင့် စာပေပွဲတော်ခင်းကျင်း ပြသမှုများကိုပွဲတော်သို့လာရောက် သည့် ကျောင်းသားများ၊ မိဘများ သာမက နိုင်ငံတစ်ဝန်းမှ ကျောင်း သား ကျောင်းသူများ၊ ပြည်သူများပါ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင် အောင်ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း၊ ပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ဆောင်ရမည်များကို ညှိညှိနှိုင်းနှိုင်းဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြ ရန် မေတ္တာရပ်ခံလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဥက္ကဋ္ဌများ၊ ဖြစ်ကြသော ဒုတိယဝန်ကြီး ဦးဇော်ဝင်းနှင့် ဦးမျိုးလှိုင်၊ နေပြည်တော် ကောင်စီဝင် ဦးမြင့်စိုးတို့က နေပြည်တော်အတွင်းရှိ ကျောင်းသား ကျောင်းသူများ၊ ဝန်ထမ်းမိသားစုများ ဖိတ်ကြား ရေး၊ ပြခန်းတစ်ခု၏ ဝင်ဆံ့နိုင်မှု အင်အားနှင့် ပြသချိန်များ အပါအဝင် ပွဲတော်တွင် ကျောင်းသား ကျောင်းသူများပျော်ရွှင်စွာ ဆင်နွှဲ နိုင်ရေးတို့နှင့်စပ်လျဉ်း၍ရှင်းလင်း ဆွေးနွေးကြသည်။

ယင်းနောက် လုပ်ငန်း ကော်မတီအတွင်းရေးမှူး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်က လူငယ်နှင့်စာပေပွဲတော်  ကျင်းပရေးအတွက် ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်း တင်ပြပြီး တက်ရောက်လာကြသူများက ပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ကဏ္ဍ အလိုက် ဆွေးနွေးတင်ပြကြသည်။

ဆွေးနွေး တင်ပြချက်များ အပေါ် လုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများက ဖြည့်စွက် ဆွေးနွေးမှာကြားခဲ့သည်။

ပြန်ကြားရေးဝန်ကြီးဌာနက (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၏ တာဝန် ထမ်းဆောင်မှု နှစ်ပတ်လည်နေ့ အထိမ်း အမှတ်အဖြစ် လည်းကောင်း စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်လူငယ်နှင့်စာပေပွဲတော်ကို နေပြည်တော်ဝဏ္ဏသိဒ္ဓိ အားကစား ကွင်း၌ ဇန်နဝါရီ ၂၉ ရက် မှ ၃၀ ရက်အထိ နေ့စဉ်နံနက် ၉ နာရီခွဲမှ ညနေ ၅ နာရီအထိ ကိုဗစ် - ၁၉  ဆိုင်ရာ စည်းကမ်းချက်များနှင့် အညီ ကျင်းပပြု လုပ်သွားမည် ဖြစ်ကြောင်းသိရသည်။ ပွဲတော်တွင် လေကြောင်း ပညာရပ်ဆိုင်ရာ သရုပ်ပြသခြင်း၊ သမိုင်းဝင် စာချုပ်စာတမ်းများ၊ မှတ်တမ်းများ ခင်းကျင်းပြသခြင်း၊ အားကစားလှုပ်ရှားမှု ပြခန်း၊ ကာတွန်း ဓာတ်ပုံပြခန်း ပြသခြင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီး ဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာန၊ ကျန်းမာရေးဝန်ကြီးဌာနတို့မှ ပြခန်းများ ခင်းကျင်းပြသခြင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ယာဉ်စည်းကမ်းထိန်းသိမ်းရေးပြခန်း၊ ကလေးငယ်တစ်ဦးချင်းပြိုင်ပွဲများ အဖြစ် စကားပုံဆက်၊ အရုပ်ဆက်၊ ဆေးရောင်ခြယ်၊ အိမ်ဆောက် ကစားခြင်း၊ အဖွဲ့လိုက်ပြိုင်ပွဲများအဖြစ် ထုပ်ဆီးတိုး၊ အာလူးကောက်၊ ခါးလှည့်ကွင်း၊ ဆန်ကော ရွက်၊ ခုံဖိနပ်စီး၊ ခွက်နင်း၍  လမ်းလျှောက်ခြင်း၊ ဘောလုံးညှပ်  လမ်းလျှောက်ခြင်း ပြိုင်ပွဲများ၊ဖျော်ဖြေပွဲများ စသည်ဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်