Skip to main content

ဓာတ်အားသုံးစွဲမှုများ ချွေတာ လေလွင့်ဖြုန်းတီးမှုများ ဂရုထားဆင်ခြင်

 

ဓာတ်အားပေးစက်ရုံကြီးများ၏ ဓာတ်အားထုတ်လုပ်မှုများလျော့နည်းလာသည့် အခြေအနေနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက အများပြည်သူသို့ ပန်ကြားချက်တစ်ရပ် ထုတ်ပြန်လိုက်ရာ ပြည်သူအများ ခံစားနေကြရသည့် ဓာတ်အားပြတ်တောက်မှုများ မကြာခဏ ဖြစ်ပွားနေမှုအပေါ် ရှင်းရှင်းလင်းလင်း သိရှိခွင့်ရကြပြီး ဓာတ်အားဖြုန်းတီးမှုများကို သတိပြုဆင်ခြင်ရန်နှင့် ဓာတ်အားချွေတာသုံးစွဲရေးတို့ အတွက်လည်းဂရုစိုက်ဆောင်ရွက်ရန် လိုအပ်ကြောင်းတို့ကိုလည်း သိခွင့်ရလိုက်ကြသည်။

မြန်မာနိုင်ငံတွင် ဓာတ်အားထုတ်လုပ်နိုင်မှု အမြင့်ဆုံးပမာဏ ၄၂၀၀ မဂ္ဂါဝပ်ခန့်ရှိရာ ၎င်းပမာဏ၏ ထက်ဝက်ကျော် ၅၂ ရာခိုင်နှုန်းကို ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများက ထုတ်လုပ်ပေးနေခြင်း ဖြစ်သည်။ သဘာဝမြစ်ချောင်းများကို ဆည်တမံပိတ်ဆို့၍ ရေအား လျှပ်စစ်ထုတ်လုပ်ရာတွင် ရာသီအလိုက်ရေဝင်ရောက်မှုအခြေအနေပေါ်မူတည်ပြီး ဓာတ်အား ထုတ်လုပ်ရခြင်းဖြစ်သည့်အလျောက် ပွင့်လင်းခြောက်သွေ့ရာသီသို့ ဝင်ရောက်လာသည်နှင့်အမျှ ဓာတ်အား ထုတ်လုပ်မှုမှာလည်း လျော့ကျလာရသည်။ နှစ်စဉ် နွေရာသီ ရေအားလျော့နည်း ချိန်တွင် ရေအားလျှပ်စစ်စက်ရုံများ လည်ပတ်ထုတ်လုပ်နိုင်မှု တစ်နေ့လျှင် ၂ နာရီမှ ၄ နာရီအထိသာ ထုတ်လုပ်နိုင်သည်ဟု ဆိုသည်။ ဓာတ်အားလိုအပ်ချက်ပမာဏကို ထုတ်လုပ်မှုအပိုင်းက ပြည့်အောင် မဖြည့်ဆည်းပေးနိုင်ခြင်းကြောင့် ဓာတ်အားပြတ်တောက်မှု များလည်းဖြစ်ပေါ်လာသည်။ လူဦးရေ အထူထပ်ဆုံးနှင့် စက်မှုဇုန်များ၊ စက်ရုံ၊ အလုပ်ရုံများ အများဆုံးတည်ရှိနေသည့် ရန်ကုန်တိုင်းဒေသကြီးက မြန်မာနိုင်ငံဓာတ်အားထုတ်လုပ်မှု၏ တစ်ဝက်ခန့်ကို သုံးစွဲလိုက်ကြခြင်းဖြစ်ပြီး မန္တလေးတိုင်းဒေကြီးကမူ ထုတ်လုပ်မှု၏ ၁၈ ရာခိုင်နှုန်းခန့်ကို သုံးစွဲသည်ဟုဆိုသည်။

မြန်မာနိုင်ငံတွင် ဓာတ်အားထုတ်လုပ်မှုကို ရေအားလျှပ်စစ်စက်ရုံများနှင့် သဘာဝဓာတ်ငွေ့ ဓာတ်အားပေးစက်ရုံများက အဓိကထုတ်လုပ်ကြပြီး လက်ရှိအခြေအနေတွင်ဆည်များ၌ ရေဝင်ရောက်မှုနည်းခြင်း၊ ကမ်းလွန်ဓာတ်ငွေ့ စီမံကိန်း နှစ်စဉ်ပြုလုပ်နေကျ ပုံမှန်ပြုပြင် ထိန်းသိမ်းမှုပြုလုပ်ရခြင်း၊ ဓာတ်အားပေးစက်အချို့ နှစ်စဉ်ပုံမှန် ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရခြင်းစသည့် အကြောင်းရင်း များကြောင့်ရေအားလျှပ်စစ်ထုတ်လုပ်မှု လျော့နည်း ကျဆင်းလျက်ရှိသည်။ ဓာတ်အားထုတ်လုပ်နိုင်မှု လျော့နည်းကျဆင်းမှုကြောင့် ဓာတ်အားပြတ်တောက်မှုများ မကြာခဏ မဖြစ်ပေါ်စေရန်မှာ လူတစ်ဦးချင်းစီတိုင်းက ဓာတ်အားချွေတာသုံးစွဲရေး ဂရုပြု လိုက်နာကြရန် လိုသည်။ဓာတ်အားချွေတာရေးကို မိမိအိမ်၌ဖြစ်စေ၊ မိမိ အလုပ်လုပ်ကိုင်ရာ ရုံးဌာနအဆောက်အအုံများ၌ဖြစ်စေ စိတ်ပါလက်ပါ လူတိုင်းက ပြုလုပ်ကြဖို့လိုသည်။ ဓာတ်အားချွေတာရေးသည် တစ်ယောက်မှစ၍ရာ၊ ထောင်၊ သိန်း၊ သန်း ဝိုင်းဝန်းဆောင်ရွက်ကြ ခြင်းဖြင့် မိုးစက်မိုးပေါက်များ တစ်စက်စီ စုပေါင်းကာ ကန်၊ ချောင်း၊ မြစ်တို့ ပြည့်လျှံသည့်နှယ်ပင် အကျိုးလက်ငင်းဖြစ်ထွန်းနိုင်မှာဖြစ်သည်။

ဓာတ်အားချွေတာရေး အကြံပေးချက်များအရ မလိုအပ်ဘဲ မီးလုံး၊ မီးချောင်း၊ ပန်ကာ၊ လေအေးပေးစက်များ၊ တီဗွီများ ဖွင့်မထားဘဲ ပိတ်ထားရန်၊ ဓာတ်အားသုံးစွဲမှု သက်သာစေသည့် LED မီးသီး မီးချောင်းများကို သုံးစွဲရန်၊ ရေကို အလေအလွင့်မရှိအောင် ချွေတာသုံးစွဲခြင်းဖြင့် ရေမော်တာဖွင့်ရမှုလျော့နည်းစေပြီး ဓာတ်အားသုံးစွဲမှု လျှော့ချရန်၊ ရုံးဌာနများတွင်လည်း ရုံးဆင်းချိန်တွင် မီးလုံး၊ မီးချောင်း၊ လေအေးပေးစက်၊ ပန်ကာ၊ တီဗွီ စသည်တို့ အားလုံးပိတ်ရန်၊ ရုံးဝင်းမီး၊ ရုံးအဆောက်အအုံ ပြင်ပမီး၊ လမ်းမီး စသည်တို့ကို နံနက်လင်းသည်နှင့် ပုံမှန်ပိတ်ရန် စသည်တို့ကို ဝန်ထမ်းအားလုံးက အသိစိတ်ဓာတ်ရှိရှိဖြင့် ဆောင်ရွက်ကြခြင်းဖြင့် လျှပ်စစ်ဓာတ် အားပြတ်တောက်မှု(မီးပျက်မှု) အကြိမ်ရေနှင့် အချိန်ကာလတို့ကို လျော့နည်းကျဆင်းစေမည်ဟု ယုံကြည်ပါကြောင်း။ ။

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်