Skip to main content

အစွန်းနှစ်ပါးကိုရှောင်ရှား၍ သတိမူနေထိုင်လုပ်ကိုင်

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုမှာ ကျန်းမာရေးဝန်ကြီးဌာန၏ အလေးထား ဆောင်ရွက်မှု၊ ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်မှုကြောင့် ကောင်းမွန်သော အနေအထား ရှိနေသည်။ ကိုဗစ်-၁၉ ကူးစက်ရောဂါ စောင့်ကြပ်ကြည့်ရှုရေး ရက်သတ္တပတ်အလိုက် ဓာတ်ခွဲနမူနာ ရယူစစ်ဆေးမှု၊ ဓာတ်ခွဲအတည်ပြု လူနာတွေ့ရှိရမှုနှင့် ရောဂါပိုးတွေ့ရှိမှုနှုန်း အခြေအနေ များကိုအလေးထားဆောင်ရွက်လျက်ရှိရာ အတည်ပြုလူနာတွေ့ရှိမှုနှင့် ရောဂါပိုးတွေ့ရှိမှုများမှာ အပတ်စဉ်လျော့နည်းကျဆင်း လျက်ရှိပြီး တစ်ရာခိုင်နှုန်းနှင့် နှစ်ရာခိုင်နှုန်း အတွင်းရှိနေသည်။

ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ (အိုမီခရွန်) ရောဂါပိုးသည် ဒီဇင်ဘာလ ၂၇ ရက်နေ့အထိနိုင်ငံပေါင်းတစ်ရာကျော်တွင် ပျံ့နှံ့လျက်ရှိရာအတည်ပြု လူနာစုစုပေါင်း နှစ်သိန်းခန့် ရှိနေသည်။ ဥရောပနိုင်ငံများ၊ ကနေဒါ၊ အမေရိကန်၊ အာဖရိကနိုင်ငံများ၊ ဂျပန်၊ တောင်ကိုရီးယား၊ ဟောင်ကောင်၊ သြစတြေးလျနိုင်ငံ၊ စသည့်နိုင်ငံ၊ ဒေသတို့တွင် ကူးစက်ဖြစ်ပွားနေပြီး အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ် အိမ်နီးချင်းနိုင်ငံတို့နှင့် ဒေသတွင်းနိုင်ငံများဖြစ်သော သီရိလင်္ကာ၊ နီပေါ၊ စင်ကာပူ၊ မော်လ်ဒိုက်၊ မလေးရှား၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ဘရူနိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့တွင် အိုမီခရွန်ရောဂါပိုး ကူးစက်ဖြစ်ပွားနေသည်။

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ (အိုမီခရွန်)နှင့် ပတ်သက်၍ ကမ္ဘာတစ်ဝန်းဖြစ်ပွားနေသော အခြေအနေများကို မျက်ခြည်မပြတ် စောင့်ကြပ်ကြည့်ရှုစစ်ဆေး လျက်ရှိပြီး မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ကူးစက်မှု မရှိစေရန် အချိန်နှင့်တစ်ပြေးညီ အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံ များမှ ကယ်ဆယ်ရေးလေယာဉ်များဖြင့် ပြန်လည်ဝင်ရောက်လာသူများအနက် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသော ဓာတ်ခွဲနမူနာများအား ဆေးသုတေသန၊ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန၊ တပ်မတော်ဆေးသုတေသနဌာနတို့က ဓာတ်ခွဲစစ်ဆေးခြင်းအပြင် ဒေသတွင်းကျန်းမာရေး WHO ရည်ညွှန်းဓာတ်ခွဲခန်းများသို့ ပို့ဆောင်၍စစ်ဆေးခဲ့ရာ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူများ အနက် ဓာတ်ခွဲနမူနာ ၃၀ ကို ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် စစ်ဆေးခဲ့သည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ရရှိသောစစ်ဆေးမှုအဖြေအရ ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှ ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ဝင်ရောက်လာသူ မြန်မာနိုင်ငံသား လေးဦး၏ ဓာတ်ခွဲနမူနာများတွင် အိုမီခရွန်ရောဂါပိုးတွေ့ရှိရပြီး ကျန်ဓာတ်ခွဲ နမူနာ၂၆ ခုတွင် ကိုဗစ်-၁၉ ဒယ်လ်တာရောဂါပိုး တွေ့ရှိခဲ့သည်။ အိုမီခရွန်ရောဂါပိုး ဓာတ်ခွဲအတည်ပြု တွေ့ရှိခဲ့သူ လေးဦးအနက် တစ်ဦးသာလျှင် သာမန်ရောဂါ လက္ခဏာတွေ့ရှိရပြီး ကျန်သုံးဦးသည် ရောဂါလက္ခဏာ မတွေ့ရှိရကြောင်း သိရှိရသည်။ ယင်းပုဂ္ဂိုလ် လေးဦးစလုံးအား ကုသရေးစင်တာများတွင် စောင့်ကြပ်ကြည့်ရှု၍ သတ်မှတ်ရက်ပြည့်မြောက်ပြီး ကျန်းမာရေးကောင်းမွန်သော ကြောင့်ကုသရေးစင်တာမှ ဆင်းခွင့်ရခဲ့ကြောင်း သိရသည်။

ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း တစ်ရာကျော် အိုမီခရွန်ရောဂါပိုးသစ် ကူးစက်ဖြစ်ပွားနေပြီး အချိန်ကာလကြာမှ မြန်မာနိုင်ငံနှင့်ပတ်သက် လာရာရောဂါပိုးသစ်နှင့် ပတ်သက်၍လည်း သံသယရှိသူလေးဦးမှာ စိုးရိမ်ဖွယ်ရာမရှိသည်ကို တွေ့ရှိခဲ့ရသည်။ ထို့ကြောင့် ပြည်သူလူထု အနေဖြင့် အိုမီခရွန်ရောဂါပိုးသစ်နှင့်ပတ်သက်၍ အလွန်အမင်း စိုးရိမ်ကြောင့်ကြခြင်းမဖြစ်ဘဲ တစ်ဦးချင်းအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အခြေခံစည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်း၊ သံသယရောဂါ လက္ခဏာရှိသူများအနေဖြင့် လည်း နီးစပ်ရာကျန်းမာရေးဌာန များသို့ သတင်း ပေးခြင်း၊ အလှည့်ကျရရှိလာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို မပျက်မကွက် အကြိမ်ပြည့်ထိုးနှံခြင်းနှင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများကို ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးအတွက် ကျန်းမာရေးဌာနသို့ ဆက်သွယ်ပို့ဆောင် ခြင်းတို့အား မမေ့မလျော့ သတိပြုဆောင်ရွက်ကြရန် လိုအပ်ပါသည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲ (အိုမီခရွန်) ရောဂါပိုးနှင့် ပတ်သက်၍ တွေ့ရှိခဲ့ရပြီဖြစ်၍ ပြည်သူများအနေဖြင့် အလွန်အမင်း စိုးရိမ်ကြောင့်ကြခြင်း လည်းမဖြစ်၊ အလွန်အမင်းပေါ့ဆခြင်းလည်း မဖြစ်စေသည့် အစွန်းနှစ်ပါးကို ရှောင်ရှားကာ ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားသော အခြေခံကျန်းမာရေးစည်းမျဉ်းစည်းကမ်းများကို မပျက်မကွက် လိုက်နာဆောင်ရွက်ကြပြီး နေထိုင်လုပ်ကိုင်ဆောင်ရွက်ကြပါရန် အသိပေး တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။ ။

ကြေးမုံအယ်ဒီတာ့အာဘော်