Skip to main content

ငြိမ်းချမ်းရေးကို တန်ဖိုးထား အကြမ်းဖက်မှုများကို တိုက်ဖျက်

လေးကေ့ကော်ဖြစ်စဉ်ကြောင့်တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင် နေကြရသည့် အပြစ်မဲ့ပြည်သူများ မိမိနိုင်ငံဘက်ရှိ မူလနေထိုင်ခဲ့ရာ နေရပ်များဆီသို့ ပြန်လည်ဝင်ရောက်လျက်ရှိပြီ ဖြစ်သည်။ လေးကော့ကော်အပါအဝင် ကရင်ပြည်နယ်ရှိ ဒေသများတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကြောင့် သေနတ်သံနှင့် ယမ်းခိုးယမ်းငွေ့တို့ ဆိတ်သုဉ်းပျောက်ကွယ်လျက် အေးချမ်းသာယာမှုများကို ဒေသခံပြည်သူတို့ လက်တွေ့ခံစား ခဲ့ကြရသည်မှာ ကာလတစ်ရပ်ကြာခဲ့ ပြီဖြစ်သည်။

ငြိမ်းချမ်းရေး၏ ပြယုဂ်တစ်ခုအဖြစ် တန်ဖိုးထားဂုဏ်ယူနေကြ ရသည့် လေးကေ့ကော်မြို့သစ် အနီး ပစ်ခတ်တိုက်ခိုက်မှုများနှင့် အနိဋ္ဌာရုံမြင်ကွင်းများ ထွက်ပေါ်လာရခြင်း၏ အကြောင်းရင်းမှာ ယင်းဒေသသို့ လာရောက်ခိုလှုံနေထိုင်ကြသည့် အကြမ်းဖက်သမား များကအဓိကလက်သည် တရားခံများပင်ဖြစ်သည်။ မြဝတီ၊ ရန်ကုန်နှင့် ၎င်းမြို့များကို ဆက်သွယ်ရာလမ်းကြောင်း တစ်လျှောက် တွင်ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည့် လက်နက်ခဲယမ်းများနှင့် ဖော်ထုတ်ရရှိ သည့်သတင်းများအရ လေးကေ့ကော်တွင် ခိုလှုံနေသည့် အကြမ်းဖက်သမားများက နည်းမျိုးစုံဖြင့် ပို့ဆောင်ပေးနေခြင်းဖြစ်ကြောင်း သိခဲ့ရသည်။ NUG၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့များ ကိုလက်မခံရေး သက်ဆိုင်ရာခေါင်းဆောင်များထံ အသိပေးခဲ့သော်လည်း လက်နက်ခဲယမ်းဖမ်းမိ မှုများက ရပ်ဆိုင်းမသွားဘဲ ဆက်တိုက်ဖမ်းမိနေသည့်အတွက် အရင်းအမြစ်ကို မဖြစ်မနေ ဖော်ထုတ်နုတ်ပယ်ပစ်ရန် လိုအပ်လာသည့်အလျောက် ကြိုတင် အသိပေးချက်နှင့် ဥပဒေနှင့်အညီ ရှာဖွေစစ်ဆေးပြီးအချို့ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

လေးကေ့ကော်ဒေသသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ ဝင်ရောက်စစ်ဆေးရာတွင် အကြမ်းဖက်အားပေး မီဒီယာများက KNU/KNLA အဖွဲ့မှ အကြမ်းဖက်မှုလိုလားပြီး NCA ကို ပျက်စီးစေလိုသည့် ခေါင်းဆောင်အချို့အား ပွဲထုတ်ကာ မြှောက်ပင့်ပေးခြင်း၊ တို့မီးရှို့မီး သတင်းများ ထုတ်လွှင့်ခြင်းတို့ ပြုလုပ်ခဲ့ကြသည်။ ငြိမ်းချမ်းနေသည့် ဒေသကို အကြမ်းဖက်မှု အတွက် အသုံးချသည့်အပြင် တိုက်ပွဲများ စတင်ဖော်ဆောင်ခဲ့ခြင်းဖြင့် စစ်မီးကိုမွှေးခဲ့ကြသည်။ တကယ်တမ်း ဒုက္ခကို ခံစားကြရသူများမှာ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၊ အမျိုးသမီးများအပါအဝင် အပြစ်မဲ့ပြည်သူများပင်ဖြစ်သည်။ ရာသီဥတု ကြမ်းတမ်းသည့် ကာလ တွင် အိုးပစ်အိမ်ပစ်နှင့် အသက်ကို ဖက်နှင့်ထုပ်ကာ စစ်ဘေးရှောင်ကြရသည့်သတင်းမှာ အနိဋ္ဌာရုံ လိုလားသည့် အကြမ်းဖက်မီဒီယာ များအတွက် သတင်းကောင်း ရေးကွက်များဖြစ်သော် လည်း ခံစားရသူများအဖို့ လောကငရဲပင်ဖြစ်သည်။

မိမိတို့နိုင်ငံတွင် ဒီမိုကရေစီတည်တံ့ခိုင်မြဲရေးအတွက် ထိန်းသိမ်းတည့်မက်သည့် လုပ်ငန်းများကို အချိန်ကာလသတ်မှတ်၍ ဆောင်ရွက်နေချိန်ဖြစ်သည်။ ဒီမိုကရေစီဟူသည် ပုဂ္ဂိုလ်တစ်ဦးတစ် ယောက်၊ ပါတီအဖွဲ့အစည်းတစ်ရပ်၏ မူပိုင်မဟုတ်။ ဒီမိုကရေစီကို အကြောင်းပြကာ အကြမ်းဖက်တိုက်ခိုက်ခြင်း၊ အုပ်စုဖွဲ့ အနိုင်ကျင့်ခြင်း၊ လူသက်ခြင်း၊ စစ်ဘက်မဟုတ်သည့် နေရာများ၊ အဆောက်အအုံများကို ဖျက်ဆီးခြင်း စသည်တို့မှာလည်း ဒီမိုကရေစီနှင့် ပြဒါးတစ်လမ်း သံတစ်လမ်းပင်ဖြစ်သည်။ ထို့အပြင် တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံး အနှစ်နှစ် အလလကပင် လိုလားတောင့်တနေသည့် ထာဝရငြိမ်းချမ်းရေးအတွက် ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲထားပြီး အဆင့်လိုက် ဖော်ဆောင်နေမှုများကို အလေးအနက်တန်ဖိုးထားကြ ရမှာလည်း ဖြစ်သည်။

မိမိတို့ဒေသ၏ အေးချမ်းတည်ငြိမ်မှုကို မည်သည့်အရာနှင့်မှ မလဲရန်နှင့် ဝိုင်းဝန်းထိန်းသိမ်း ကြရန်လိုသည်။ NUG ၊ PDF တို့၏ နောက်ကွယ်တွင် အကြမ်းဖက်မှုကို အားပေးနေသည့် လက်တံရှည်ကြီးက မိမိတို့နိုင်ငံကို ပြည်တွင်းစစ်နွံအိုင်အတွင်း ကျဆင်းသွားစေရန် ကြိုးပမ်းနေ သည်ကိုလည်း သတိမူကြရမှာဖြစ်သည်။ လက်တလော အခြေအနေအားဖြင့်မူ တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေရာမှ ပြန်လည်ဝင်ရောက်လာသည့် ပြည်သူများ၏ လုံခြုံမှု၊ စိတ်အေး ချမ်းသာမှု၊ စားဝတ်နေရေး အခက်အခဲများ ပြေလည်စေမှုအတွက် ဝိုင်းဝန်းကူညီအားပေး စောင့်ရှောက်နိုင်ကြပါစေကြောင်း။ ။

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်