Skip to main content

အုပ်စုဖွဲ့၍ မဆင်မခြင်စွက်ဖက်မှု

ရန်ကုန်မြို့အခြေစိုက် အနောက်နိုင်ငံများမှ သံရုံးအချို့က ကရင်ပြည်နယ်တွင် ပေါ်ပေါက်နေသည့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်များနှင့် ပက်သက်၍ ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံခြားရေးဝန်ကြီးဌာနက သက်ဆိုင်ရာသံရုံးများသို့ သံတမန်စာ ပေးပို့သတိပေးခြင်းနှင့် ထုတ်ပြန်ကြေညာချက်ကို ကန့်ကွက်ခြင်းတို့ ပြုလုပ်ခဲ့သည်။ အဆိုပါသံရုံးများက ပူးတွဲထုတ်ပြန်ခဲ့သည့် ကြေညာချက်ပါ စိစစ်အတည်ပြုနိုင်ခြင်းမရှိသော အချက်အလက်များနှင့် စွပ်စွဲမှုများက သက်ဆိုင်ရာအိမ်ရှင်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက် ရာရောက်ခြင်းကြောင့် ယခုကဲ့သို့ သတိပေး ကန့်ကွက်ချက်ထွက်ပေါ်လာခြင်းပင် ဖြစ်သည်။

သံတမန်ဟူသည် မိမိကိုယ်စားပြုရာနိုင်ငံနှင့် မိမိရောက်ရှိနေသည့် အိမ်ရှင်နိုင်ငံတို့အကြား ဆက်သွယ်ပေးရသူများဖြစ်ပြီး သံတမန်ဆိုင်ရာ အခွင့်အရေးများ ခံစားကြရသလို ကျင့်ဝတ်များကိုလည်း စောင့်ထိန်းကြရသူများ ဖြစ်သည်။ အိမ်ရှင်နိုင်ငံ၏ ပြည်တွင်းနိုင်ငံရေး ဆိုင်ရာကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်း၊ အိမ်ရှင်နိုင်ငံနှင့် အစိုးရတို့အပေါ် ဖိအားပေးခြင်းနှင့် နိုင်ငံတကာဥပဒေက တားမြစ်ထားသည့် ကိစ္စရပ်များကို မပြုလုပ်ဘဲ ရှောင်ရှားကြရသည်။ ယခုပူးတွဲကြေညာချက်ထုတ်ပြန်သည့် သံရုံးများမှာ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ အာရှ၊ အာဖရိက၊ တောင်အမေရိကစသည့် နိုင်ငံများမပါဘဲ အနောက်အုပ်စုနိုင်ငံအချို့သာ ပါဝင်နေကျအတိုင်း ပါရှိနေကြခြင်းဖြစ်သည်။

၎င်းသံရုံးများအနေဖြင့် ကရင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်များနှင့် စပ်လျဉ်း၍ အစိုးရဆန့်ကျင်သူများ၊ အကြမ်းဖက်သမားများ၊ သောင်းကျန်းသူများထံမှ ရရှိလာသည့် သတင်းများအပေါ် အခြေခံကာ ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်ရာ ၎င်းတို့နှင့် ကစ်လေသံတည်းသာ ထွက်ပေါ်နေခြင်းဖြစ်သည်။ ဖြစ်စဉ်ဖြစ်ပွားရာ လေးကေ့ကော်သည် ငြိမ်းချမ်းရေး စံပြမြို့သစ်ဖြစ်ပြီး CRPH NUG PDF အကြမ်းဖက်အုပ်စုများ ပေါ်ထွက်မလာမီက ပကတိငြိမ်းချမ်းသာယာသည့် ဒေသဖြစ်သည်။ ဆန့်ကျင်ဘက်အုပ်စုများမှ ထွက်ပေါ်လာသော သတင်းအချက်အလက်များမှာ လိုရာဆွဲထားသော၊ ပုံဖျက်ထားသော၊ အခြေအမြစ် ကင်းမဲ့သော သတင်းများသာဖြစ်သည့်အလျောက် စိစစ်အတည်ပြုရန် လိုအပ်မည်ဖြစ်သည်။ မြန်မာနိုင်ငံအတွင်း ဒေသအချို့တွင် လက်နက်ကိုင် အကြမ်းဖက်အဖွဲ့အစည်းများက အစိုးရကို ဆန့်ကျင်တိုက်ခိုက်ရာတွင် မြို့ရွာများ၊ လူနေရပ်ကွက်များအတွင်း ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပေါ် စေရန် ပြုလုပ်နေကြသည်ကို သတိပြုကြရန်လိုသည်။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ လူနေရပ်ရွာများ စစ်တလင်းဖြစ်သွားပြီး ပျက်စီးမှုများ ဖြစ်ပေါ်စေရန်နှင့် အရပ်သားပြည်သူများကိုတိုက်ခိုက်ပြီး မြို့ရွာ များကို ကပ်မတော်က ပစ်ခတ်ဖျက်ဆီးနေသည်ဟု ကမ္ဘာက ရှုမြင်လာစေရန် ပုံဖော်နေခြင်းပင် ဖြစ်သည်။

လက်နက်မဲ့အရပ်သားပြည်သူများကို ရက်စက်စွာ သတ်ဖြတ်နေသည်ဆိုသည့် ပုံရိပ်များ နိုင်ငံအနှံ့တွင် ထပ်တလဲလဲ ပေါ်ထွက်လာနေခြင်းမှာ တိုက်ဆိုင်မှုဟုဆိုသည်ထက် ရည်ရွယ်ချက်ဖြင့် ဖန်တီးမှု ဟူ၍သာဆိုရမည်ဖြစ်သည်။ အကြမ်းဖက်အဖွဲ့များက ပြောသမျှကို သတင်းအဖြစ် ထုတ်လွှင့်နေသည့် အကြမ်းဖက်အားပေးမီဒီယာများနှင့် သံရုံးတို့ လေသံတူနေမှုမှာလည်း သတိပေးအပ်သည်သာဖြစ် သည်။ တပ်မတော်သည် ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ ကျင့်ဝတ်များ ဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်သည်။ ဥပဒေ၊ စည်းမျဉ်း စည်းကမ်းချိုးဖောက်မှုများ ပြစ်မှုထင်ရှားရှိပါက ကမ္ဘာ့နိုင်ငံများမှာရှိသည့် တပ်မတော်များကဲ့သို့ပင် အရေးယူသည်သာဖြစ်သည်။ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးအပေါ် အုပ်စုဖွဲ့ကာ မဆင်မခြင်စွက်ဖက်ခြင်းက သံတမန်ကျင့်ဝတ်များ ကျိုးပေါက်ခဲ့ခြင်းသာ ဖြစ်ပါကြောင်း။   

မြန်မာ့အလင်းအယ်ဒီတာ့အာဘော်