Skip to main content

Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (RTF Bulk) Doses ၁၀ သန်းအား မြန်မာနိုင်ငံက ဝယ်ယူထုတ်လုပ်မှု သဘောတူစာချုပ် လက်မှတ်ရေးထိုး

နေပြည်တော် ဒီဇင်ဘာ ၂၂

Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို မြန်မာနိုင်ငံတွင် ဝယ်ယူထုတ်လုပ်ရန် သဘောတူ စာချုပ်လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ Lotte Hotel ၌ ကျင်းပသည်။

အခမ်းအနားသို့  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထုတ်လုပ်ရေး ကြီးကြပ်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ချာလီသန်း၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ စက်မှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကိုကိုလွင်၊ ရန်ကုန်တိုင်းဒေသကြီး သယံဇာတရေးရာ ဝန်ကြီး ဦးဇော်ဝင်း၊  ကာကွယ်ရေးဝန်ကြီးဌာန ဆေးဝန်ထမ်း တပ်ဖွဲ့ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ကိုကိုလွင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံအမတ်ကြီး မစ္စတာ ချန်းဟိုင်၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ အသီးသီးတက် ရောက်ကြ သည်။

သမိုင်းမှတ်တိုင်အသစ်

ရှေးဦးစွာ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထုတ်လုပ်ရေးကြီးကြပ်မှု ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (RTF Bulk) Doses ၁၀ သန်းဝယ်ယူရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနား တွင် ပါဝင်ခွင့်ရသည့်အတွက် များစွာဝမ်းမြောက်မိပါကြောင်း၊ ယနေ့အခမ်းအနားသည် မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မ္မတနိုင်ငံတို့ အကြား အထူးသဖြင့် စက်မှုဝန်ကြီးဌာနနှင့် Sinopharm China National Biotech Group တို့ အကြား အရေးပါသည့် သမိုင်းမှတ်တိုင် အသစ် ရေးထိုးခဲ့ခြင်းဖြစ်ပါကြောင်း၊ ၂၀၂၁ ခုနှစ် ဇူလိုင်လမှစ၍ တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ ထုတ်လုပ်သည့် Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို မြန်မာနိုင်ငံတွင် ထုတ်လုပ်နိုင်ရေးအတွက် စတင် ဆွေးနွေးသည်မှ  Ready To Fill Bulk များဝယ်ယူရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင် သည်အထိ ကူညီဆောင်ရွက်ပေးမှုအပေါ် ကျေးဇူးတင်ရှိ ပါကြောင်း၊  အထူးသဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး၊ မြန်မာ နိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနှင့်တကွ Sinopharm CNBG မှ တာဝန် ရှိသူများကိုလည်း ကျေးဇူးတင် ရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါသည် ကူးစက်မြန်ရောဂါဖြစ်ပြီး ယခုအခါတွင် ကမ္ဘာ့နိုင်ငံအနှံ့သို့ ကူးစက်ပျံ့နှံ့ လာမှုကြောင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို တားဆီးရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းသည် အထိရောက်ဆုံးကာကွယ်သော နည်းလမ်းလည်း ဖြစ်ပါကြောင်း။

ကမ္ဘာ့နိုင်ငံ အသီးသီးတွင်လည်း  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထုတ်လုပ်နိုင်ရေးကို ကြိုးပမ်း ဆောင်ရွက်ကြလျက်ရှိရာ ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံ အနေဖြင့် Sinopharm ကိုဗစ် ကာကွယ်ဆေး Doses  ၂၆ သန်းဝယ်ယူခဲ့ပြီး ယခုအခါ ထိုးနှံပေးလျက်ရှိပါကြောင်း၊ ကျန်းမာရေး ဝန်ကြီးဌာနမှ သတင်း အချက်အလက်များအရ  Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး သည် ဘေးထွက်ဆိုးကျိုးနည်းပါးပြီး အာနိသင်ထက်မြက်သည်ကို သိရှိရသောကြောင့် Sinopharm CNBG မှ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများကို  Ready to Fill Bulk အနေဖြင့် ဝယ်ယူ၍ ထုတ်လုပ်နိုင်ရေးကြိုးပမ်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း။

ယနေ့သည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  Doses  ၁၀ သန်း ထုတ်လုပ်နိုင်ရေးအတွက် RTF Bulk ဝယ်ယူခြင်းဖြစ်ရာ မြန်မာနိုင်ငံနှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်ခြင်း၏ ခြေလှမ်းသစ်တစ်ရပ်လည်းဖြစ်ပါကြောင်း၊ နောင်တွင်ကာကွယ်ဆေးကဲ့ သို့သော ဇီဝဆေးဝါးများ ထုတ်လုပ်နိုင်ရေးအတွက် ပိုမိုပူးပေါင်းဆောင်ရွက်မည်ဟု ယုံကြည်ပြီး မိမိတို့နိုင်ငံအတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေး စတင် ဆောင်ရွက်သည့်နေ့ဖြစ်၍ ထူးခြားသောနေ့တစ်နေ့လည်း ဖြစ်ပါကြောင်း၊ Sinopharm CNBG နှင့်ပူးပေါင်း၍ မြန်မာနိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍအတွက် အရေးကြီးသော ကာကွယ်ဆေးများသာမက အခြားဆေးဝါးများကိုလည်း ပူးတွဲ၍ထုတ်လုပ်နိုင်မည်ဟု မျှော်လင့်ပါကြောင်း။

အောင်မြင်မှုနှစ်သစ်မင်္ဂလာ

စက်မှုဝန်ကြီးဌာနအနေဖြင့် ပြည်သူတို့ အတွက်လိုအပ်သော ဆေးဝါးများ ပိုမိုထုတ်လုပ်ဖြန့်ဖြူး နိုင်ရေး ကြိုးစားဆောင်ရွက်လျက် ရှိပါကြောင်း၊ မကြာမီကျရောက်မည့် ၂၀၂၂ ခုနှစ်၏ တရုတ်နှစ်သစ်ကူးသည် “ကျား”နှစ်ဖြစ်သည့်အတွက် ကျန်းမာပျော်ရွှင်ဖွယ် ကောင်းပြီး အောင်မြင်မှုများရရှိစေမည့် နှစ်သစ်မင်္ဂလာဖြစ်ပါစေကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က  Sinopharm CNBG ကထုတ်လုပ်သည့် ကိုဗစ်ရောဂါ ကာကွယ်ဆေးများကို မြန်မာနိုင်ငံတွင် ထုတ်လုပ်နိုင်ရေးဆောင်ရွက်ခြင်းသည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ ပထမအဆင့်ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊  တရုတ်နိုင်ငံအနေဖြင့် ကိုဗစ်ရောဂါ ကာကွယ်ဆေးများကို နိုင်ငံပေါင်း ၁၂၀ သို့ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ကိုဗစ်ရောဂါ အထူးကုသရေး ကိုလည်း ထုတ်လုပ်နိုင်ရန် သုတေသနလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၌ ကိုဗစ်ရောဂါတတိယလှိုင်းဖြစ်ပွားချိန်တွင် တရုတ်နိုင်ငံက ကိုဗစ်ရောဂါ ကာကွယ် ဆေးပစ္စည်းများကို အများဆုံး ထောက်ပံ့ပေးခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတွင် ထိုးနှံ့ခဲ့သည့် ကိုဗစ်ရောဂါကာကွယ်ဆေး အများစုသည် တရုတ်နိုင်ငံမှထုတ်လုပ်သော ဆေးများဖြစ်ပြီး ယခု  RTF Bulk များဝယ်ယူရေး သဘောတူစာချုပ်ချုပ်ဆိုခြင်း သည် မြန်မာနိုင်ငံ၏ ကိုဗစ် ရောဂါထိန်းချုပ် ရေးလုပ်ငန်းများတွင်  များစွာအထောက် အကူဖြစ်မည်ဖြစ်ပါကြောင်း၊ တရုတ် နိုင်ငံအနေဖြင့် အိမ်နီးချင်း ကောင်းပီသစွာ ဆွေမျိုး ပေါက်ဖော်ရင်နှီးမှုများ တိုးမြှင့်နိုင်ရေးကို အစဉ်တစိုက် ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။

ဆက်လက်၍ Chairman of Sinopharm Group, Mr. Jingzhen Liu က Sinopharm CNBG ကုမ္ပဏီသည် တရုတ်နိုင်ငံတွင် ဆေးနှင့်ဆေးပစ္စည်း ထုတ်လုပ်သည့်လုပ်ငန်း၊ ကုသရေးလုပ်ငန်းများနှင့် စက်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ဆေးဝါး ထုတ်လုပ်သည့် လုပ်ငန်းတို့တွင် အာရှ၌ ဒုတိယ အဆင့်တွင်ရှိပါကြောင်း၊ ကုမ္ပဏီမှထုတ်လုပ်သည့် Sinopharm ကိုဗစ် ရောဂါ ကာကွယ်ဆေးများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အရေးပေါ်အသုံးပြုရန် ခွင့်ပြုချက်ရရှိပြီး ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ကိုဗစ်ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင်လည်း အစဉ်တစိုက်ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း Virtual စနစ်ဖြင့် တက်ရောက် ပြောကြားခဲ့သည်။

လက်မှတ်ရေးထိုး

ဆက်လက်၍ Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး RTF Bulk Doses ၁၀ သန်းဝယ်ယူရေး သဘောတူစာချုပ်အား မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမျိုးဇာနည်ဝင်းနှင့် Sinopharm China National Biotech Group ကိုယ်စား မစ္စတာ ရန်ရှောင်မင်းတို့ လက်မှတ်ရေးထိုး ခဲ့ကြသည်။

(သတင်းစဉ်)